ဂိုးသွင်းနှုန်းရော ခြေစွမ်းပါ ကျဆင်းသွားတဲ့ မန်ယူ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် အင်္ဂလန် လူစာရင်းမှ ချန်လှပ်ခံရ

မန်ချက်စတာ ယူနိုက်တက် အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် လာမယ့်ယူရို ပြိုင်ပွဲလူစာရင်းထဲကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းဟာ ယူရို ပြိုင်ပွဲဝင်မယ့် ပဏာမ ၃၃ ဦး လူစာရင်းကို မနေ့ည ထုတ်ပြန်ကြေညာသွားခဲ့တာ ဖြစ်ပြီး ရက်ဖို့ဒ်ရော ဆန်ချိုပါ ထိုလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

လက်ရှိ ကလပ်အသင်းမှာ ရုန်းကန်နေရတဲ့ အဆိုပါ အင်္ဂလန်တိုက်စစ်မှူးဟာ ဒဏ်ရာ ပြဿနာတွေအပြင် ကွင်းပြင်ပ ပြဿနာအချို့နဲ့ ရင်ဆိုင်နေရပြီး ဂိုးသွင်းနှုန်း အတော်လေး ကျဆင်းနေသူ တစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းပရိသတ်တွေနဲ့တောင် အချေအတင် ဖြစ်ခဲ့ဖူးတာကြောင့် ဆောက်ဂိတ်က ရက်ရှ်ဖု့ိဒ်ကို အနားပေးဖို့ ဆုံးဖြတ်လိုက်ပြီး ၎င်းရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းစာရင်းထဲ ရက်ရှ်ဖို့ဒ်ကို ကနဦး ချန်လှပ်ထားလိုက်ပါတယ်။

ဒါ့အပြင် တပည့်ကျော် ဟန်ဒါဆန်ကိုလည်း ဆောက်ဂိတ် ချန်လှပ်ထားခဲ့ပြီး ပဲလေ့စ်မှ ကွင်းလယ်ကစားသမား အဒမ် ဝါ့တန်ကို ခေါ်ယူခဲ့ပြီး ချဲလ်ဆီးမှ စတားလင်းကိုလည်း ထပ်မံချန်လှပ်ထားခဲ့ပြန်ပါတယ်။

ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းမှာ လုံး၀ အထိခံလို့မရတဲ့ ကစားသမားမျိုးကို ဆောက်ဂိတ်က သတ္တိရှိရှိ ခေါက်ထားပြလိုက်တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ရာသီ ဂိုး ၃၀ အထိ သွင်းယူခဲ့ပေမယ့် လက်ရှိရာသီမှာတော့ ၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်က “အခု ၃၃ ဦးစာရင်းဟာ တချို့ကစားသမားတွေအတွက် တရားမျှတမှု မရှိသလိုဖြစ်စေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အင်အားတောင့်တင်းတဲ့ လူစာရင်းဖြစ်အောင်သာမက လူငယ်တချို့ကိုလည်း အသင်းမှာ နေရာပေးဖို့ လိုအပ်ပါတယ်။ အခုစာရင်းမှာ မပါဝင်ခဲ့တဲ့ ကစားသမားတွေဟာ သေချာပေါက် စိတ်ပျက်နေမှာဖြစ်ပေမဲ့ ကျွန်တာ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် နားလည်သဘောပေါက်ကြဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်း ပဏာမလူစာရင်းမှာ ယူနိုက်တက်လူငယ်ကြယ်ပွင့် ကိုဘီမင်နူး ပါဝင်ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် တစ်ခါမှ မကစားဖူးသေးတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်(ဘန်လေ)၊ ဘရန့်ဝိတ်(အဲဗာတန်)၊ ကွန်ဆာ၊ ကာတစ်ဂျုံးစ်(လီဗာပူးလ်)၊ အဒမ်ဝါတန်(ခရစ္စတယ်ပဲလေ့စ်)တို့ကို ဆောက်ဂိတ်က ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ပါတယ်။

နောက်ထပ် ထူးခြားတာက ဒီရာသီတစ်လျှောက်လုံး ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်အတွက် ၁၅ ပွဲသာကစားခဲ့တဲ့ နောက်ခံလူ လုခ်ရှောဟာ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။