ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲခဲ့လို့ နည်းပြ တန်ဟက်အပါအဝင် မန်ယူ ကစားသမားတွေ လစာငွေ လျှော့ချခံရတော့မှာပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့တဲ့အတွက် ကစားသမားတွေရဲ့လစာငွေကို သိသိသာသာ လျှော့ချသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီပိတ်ပွဲမှာ ဘရိုက်တန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ နယူးကာဆယ်နဲ့ ရမှတ် ၆၀ ချင်းတူညီပြီး ဂိုးကွာခြားချက်အရ အဆင့် ၈ နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အဆင့် ရပ်တည်မှုအဖြစ် မှတ်တမ်း ဝင်ခဲ့သလို ဂိုးကွာခြားချက်မှာ -၁ ဖြစ်ခဲ့လို့ ဒါက ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြဘဝအစပိုင်း ၁၉၈၉-၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးကွာခြားချက်မှာ အနုတ်ပြခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တဲ့အတွက် ဝင်ငွေအများကြီး နစ်နာဆုံးရှုံးမှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ကစားသမားတွေရဲ့လစာငွေကို ၂၅ % အထိ လျှော့ချသွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

ကစားသမားတွေရဲ့လစာငွေကို လျှော့ချမယ်ဆိုရင် ယူနိုက်တက်အသင်းဟာ အသုံးစရိတ်ပမာဏမှာ ပေါင်သန်းနဲ့ချီ သက်သာ သွားမှာဖြစ်ပေမဲ့ ကစားသမားတွေကတော့ လစာငွေ သိသိသာသာ လျော့နည်းသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ အထိရရှိနေတဲ့ ကတ်စ်မဲရိုးကတော့ အကြီးမားဆုံး နစ်နာဖို့ရှိနေပြီး လစာငွေရဲ့ ၂၅ % ဖြစ်တဲ့ ပေါင် ၉၇,၅၀၀ လျှော့ချခံရမှာဖြစ်လို့ တစ်ပတ်ကို ပေါင် ၂၆၂,၅၀၀ သာ ရသွားမဲ့အနေအထားပါပဲ။

လစာငွေ ၂၅ % လျှော့ချခံရမဲ့အထဲမှာ ကစားသမားတွေအပြင် နည်းပြအဲရစ်တန်ဟက်လည်း ပါဝင်ပြီး တကယ်လို့ အဲရစ်တန်ဟက်သာ နောက်ရာသီအထိ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် လက်ရှိရနေတဲ့ ၁ နှစ် ပေါင် ၉ သန်းအစား ပေါင် ၆.၇၅ သန်းသာ လစာရဖို့ရှိပါတယ်။

ဗြိတိန်သတင်းစာ The Sun က ယူနိုက်တက်ပရိသတ်တွေရဲ့ ယုံကြည်မှု မရတော့တဲ့ အဲရစ်တန်ဟက်ဟာ ရာသီကုန်ကျရင် ယူနိုက်တက်အသင်းနဲ့လမ်းခွဲရဖို့ရှိတယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ မြင့်မားတဲ့လစာငွေရရှိနေကြတဲ့ ဗာရန်း၊ မာစီယဲလ်တို့ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ တစ်ပတ်ကို ပေါင် ၆၀၀,၀၀၀ အထိ သက်သာသွားဖို့ရှိပါတယ်။

နာမည်ကျော် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာလည်း လက်ရှိလစာငွေ ပေါင် ၃၀၀,၀၀၀ အစား ပေါင် ၂၂၅,၀၀၀ အထိ လျှော့ချခံရဖို့ရှိသလို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပေါင် ၁၈၀,၀၀၀ သာ ရသွားမှာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ လာမဲ့စနေနေ့ကျရင် FA ဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင်တော့ ယူရိုပါလိဂ်ဝင်ခွင့်ရမှာဖြစ်ပေမဲ့ ရှုံးပွဲတွေ့ခဲ့ရင် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ဥရောပပြိုင်ပွဲဝင်ခွင့် တစ်ခုမှ မရတဲ့ မှတ်တမ်းဆိုးကို ပြန်လည်ပိုင်ဆိုင်ရမှာပါ။