ချယ်ဆီးနဲ့ လမ်းခွဲပြီးနောက် ပိုချက်တီနိုက မန်ယူ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလာ
နည်းပြ ပိုချက်တီနိုဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူ လက်လွှတ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံရဖို့ ပြန် ရေပန်းစားနေတယ်လို့ သတင်းထွက်လာပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သူ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ချယ်ဆီးအသင်းကို ပြီးခဲ့တဲ့ဇူလိုင်လ ကမှ ၂ နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့ပြီး အန်ဇိုဖာနန်ဒက်စ်၊ ကိုင်စီဒိုတို့အပါအဝင် နာမည်ကျော်ကစားသမားတွေကို ပေါင် ၁ ဘီလီယံအထိ အသုံးပြုခေါ်ယူခဲ့ပေမဲ့ သူ့အသင်းက ထင်သလောက် အောင်မြင်မှုမရခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ပိုချက်တီနိုဟာ ချယ်ဆီးအသင်းကို လိဂ်ဖလားဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့သလို FA ဖလားမှာလည်း ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်မှာတော့ ဖေဖော်ဝါရီလအစောပိုင်းက ဝုလ်ဗ်ကို ၄-၂ ဂိုးနဲ့ရှုံးပြီးနောက်ပိုင်း ချယ်ဆီးတို့ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူခဲ့ပြီး ရာသီကုန်အထိ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ အာဆင်နယ်တစ်သင်းကိုပဲ ရှုံးခဲ့တဲ့အပြင် ၉ ပွဲနိုင်၊ ၅ ပွဲသရေကျခဲ့တာကြောင့် အဆင့် ၆ နေရာနဲ့ ဥရောပ ပြိုင်ပွဲဝင်ခွင့် တစ်နေရာ ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ချယ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ပိုချက်တီနိုနဲ့ ထိပ်တိုက်ဆွေးနွေးပြီးနောက် လမ်းခွဲကြဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ချယ်ဆီးအသင်းက ‘ဒီရာသီမှာ အသင်းအတွက် ပိုချက်တီနို စွမ်းဆောင်ပေးခဲ့တဲ့တာတွေကို အသိအမှတ်အပြု ကျေးဇူးတင်ပါတယ်။ ပိုချက်တီနိုဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို အချိန်မရွေးပြန်လာခွင့်ရှိသလို သူ့ရဲ့အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပိုချက်တီနိုကလည်း ‘ချယ်ဆီးအသင်းနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် အားကစားဒါရိုက်တာတွေနဲ့ အသင်းပိုင်ရှင်တွေကို ကျေးဇူးတင်ပါတယ်။ လာမဲ့နှစ်အနည်းငယ်အတွင်းမှာ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ အခုထက် ပိုတိုးတက်လာမဲ့ လမ်းကြောင်းပေါ်ရောက်ရှိနေပါပြီ’လို့ ထုတ်ပြန်ခဲ့ပါတယ်။
ချယ်ဆီးနဲ့လမ်းခွဲပြီး မကြာခင်မှာပဲ ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေပြီဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၂ ဧပြီလတုန်းက ပိုချက်တီနိုကို နည်းပြခန့်ဖို့ ကြိုးပမ်းခဲ့ဖူးပြီး တာဝန်ရှိသူဟောင်းတွေဖြစ်ကြတဲ့ ရစ်ချတ်အာနိုးလ်၊ ဂျွန်မာတော့ဖ်တို့ဟာ ပိုချက်တီနိုနဲ့တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အဲရစ်တန်ဟက်ရဲ့ စီမံကိန်းတွေကို သဘောကျတဲ့အတွက် ယူနိုက်တက်နည်းပြသစ်အဖြစ် အဲရစ်တန်ဟက်ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းဟာ အဆိုးရွားဆုံး အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၈ နေရာနဲ့ အဆုံး သတ်ခဲ့ရပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
စနေနေ့ကျရင် ယူနိုက်တက်အသင်း FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ FA ဖလားရခဲ့ရင်တောင် အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်သွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း အဲရစ်တန်ဟက်ကို ရာထူးက ထုတ်ပယ်ပြီး ပိုချက်တီနိုကို နည်းပြသစ်ခန့်ဖို့ အွန်လိုင်းမှာ တောင်းဆိုနေကြပြီဖြစ်ပါတယ်။