ရက်ဖို့ဒ် ကို အသင်းဟောင်း ချယ်ဆီး အတွက် ဂါးလက်စ်က ရချင်သလို ပီတစ်ကလည်း အာဆင်နယ် အတွင် ခေါ်စေချင်နေ

ချယ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝီလီယံ ဂါးလက်စ်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်အနေနဲ့ သူရဲ့ ကစားသမားဘဝကို ပြန်လည် မြှင့်တင်နိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့သင့်တယ်လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

တဖက်မှာလည်း အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား အီမန်နျူရယ် ပီတစ်က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား ကိုင် ဟားဗက်ဇ်ကို ခေါ်ယူခဲ့သလို လာမယ့် နွေဈေးကွက်မှာလည်း အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား မားကပ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးလာခဲ့ပါတယ်။

ဂါးလက်စ်က “ တကယ်လို့ ရပ်ရှ်ဖို့ဒ်သာ ယူနိုက်တက်ကနေ ထွက်ခွာချင်မယ်ဆိုရင်တော့ သူ့ကိုလည်း ချယ်ဆီးတို့ ချိတ်ဆက်သွားဖို့ လိုပါတယ်။ အကြောင်းပြချက်ကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူက အဲရစ် တန်ဟက်နဲ့ ပြသာနာ ရှိနိုင်သလို တန်ဟက်ဂ်သာ ထွက်သွားရင် ရပ်ရှ်ဖို့ဒ်လည်း အသင်းမှာ ဆက်ရှိနိုင်ပါတယ်။”

“သူက ငယ်ရွယ်စဉ်တုန်းကတော့ နေရာတိုင်းကို ပြေးလွှားပြီး လှပတဲ့ ဂိုးတွေ သွင်းယူနိုင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် အခုက အဲ့ဒီလို မဟုတ်တော့ပါဘူး။ ဒါက ဒဏ်ရာ ပြသာနာတွေကြောင့် ဆိုနိုင်သလို နောက်အသင်းတစ်သင်းမှာ ကစားသမားဘဝကို ပြန်လည် စတင်လိုက်တာကလည်း သူ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ချယ်ဆီးက ဖြည့်ဆည်းပေးသွားနိုင်ပါတယ်။” လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

ပီတစ်ကလည်း – “ကိုင် ဟားဗက်ဇ်ဟာ အာဆင်နယ်မှာ အများကြီး တိုးတက်လာတယ်။ တကယ်လို့ ရက်ရှ်ဖို့ဒ်ကသာ အာဆင်နယ်ဆီ ပြောင်းလာရင် အာတီတာက သူ့ကို တိုးတက်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဖို့ ခက်ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က သူ့ဘဝအတွက် အပြောင်းအလဲအသစ် တခု လုပ်ဖို့ အချိန်တန်နေပြီလို့ ယုံကြည်နေသလို အာဆင်နယ်ဟာ ရက်ရှ်ဖို့ဒ်နဲ့ လိုက်ဖက်တဲ့အသင်း ဖြစ်နိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်က အာဆင်နယ်မှာ ခြေစွမ်းပြနိုင်မလား ဆိုတဲ့ မေးခွန်းကို လာမေးရင်တော့ အခုချက်ချင်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုက်ဖို့ပဲ ပြောချင်ပါတယ်။ ရက်ရှ်ဖို့ဒ်က မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာသာ ရှိနေရင် အရမ်းကောင်းတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။

ဟားဗက်ဇ်ကလည်း ချယ်ဆီးမှာ ထူးဆန်းတဲ့ ပတ်ဝန်းကျင် တခု နေခဲ့ရတာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ပါတယ်။ အခုတော့ သူက အာဆင်နယ်မှာ အရမ်းကို ပျော်နေပါပြီ။ ကျွန်တော်က ရက်ရှ်ဖို့ဒ်ကိုလည်း အဲ့ဒီလို ပျော်စေချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။