မန်စီးတီး – မန်ယူတို့ ဖလားလုကြမယ့် အက်ဖ်အေ ဖိုင်နယ်ပွဲ အတွက် နဗီးနဲ့ အီယန်ရိုက်တို့ မတူညီစွာ ခန့်မှန်းချက် ထုတ်
မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဒီလာမယ့် စနေနေ့မှာတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် ဝင်ဘာလေကွင်းမှာ ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း နဗီးနဲ့ ဂန်းနားဟောင်း အီရန်ရိုက်တို့က အက်ဖ်အေဖလား ဖိုင်နယ်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်းကို ကြိုတင် ခန့်မှန်းလာပါတယ်။

သရဲနီဟောင်း ဂယ်ရီနဗီးက ‘ ကျနော်ကတော့ ယူနိုက်တက်က စီးတီးကို ပွဲချိန်တွင်း ၁-၁ သရေကျမယ် ထင်ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက် နိုင်သွားမှာပါ ’ လို့ ခန့်မှန်းခဲ့တာပါ။
ဂန်းနားဟောင်းကြီး အီရန်ရိုက်က နဗီး အဆိုကို သဘောမတူဘဲ ” ဂယ်ရီ ရဲ့ ယူနိုက်တက်က မန်စီးတီးကို မနိုင်ပါဘူး။ ယူနိုက်တက် အနိုင်ရဖို့ မရှိပါဘူး။ မင်းပြောတာကို ထောက်ခံပေးချင်ပေမယ့် ယူနိုက်တက် နိုင်မယ်လို့ ခံစားမိစရာ ဘာတစ်ခုမှ မရှိပါဘူး။
ရိုးရိုးသားသား ပြောရရင် ယူနိုက်တက်က မန်စီးတီးကို အနိုင်ရသွားတာမျိုးကို မြင်ရမယ်ဆိုရင် ငါ သိပ်ကို သဘောကျမိမှာပါ။ ” လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးက ဆီမီးဖိုင်နယ်မှာ ချယ်ဆီးကို ဖြုတ်လာခဲ့ခြင်းဖြစ်ကာ ယူနိုက်တက်က ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီကို အနိုင်ရပြီး ဒီအဆင့်ထံ တက်ရောက်လာတာပါ။ ယူနိုက်တက်ဟာ ကွာတားဖိုင်နယ်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပါသေးတယ်။
ဖိုင်နယ်မှာတော့ မန်ချက်စတာ ကလပ်နှစ်သင်းကြား အားပြိုင်မှုမှာတော့ ဘယ်အသင်း အသာစီးရသွားမလဲ စိတ်ဝင်စားဖွယ်ဖြစ်ပြီး မန်စီးတီးကတော့ ပိုမို ရေပန်းစားနေမှာ ဖြစ်ပါတယ်။