ရီယို ဖာဒီနန် ခန့်မှန်းချက် ထုတ်လာတဲ့ မန်စီးတီး – မန်ချက်စတာ ယူနိုက်တက် အက်ဖ်အေဖလား ဗိုလ်လုပွဲ
မန်ယူ နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ဒီအပတ် အက်ဖ်အေဖလား ဖိုင်နယ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။ ဖာဒီနန်ကတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အနိုင်ရ ဗိုလ်စွဲမယ်ဆိုတဲ့ ယုံကြည်ချက်မျိုး သိပ်မရှိပါဘူး။
တကယ့် တကယ်လည်း ဝင်ဘာလေကွင်းမှာ ကစားရမယ့် အက်ဖ်အေ ဖိုင်နယ်ပွဲကြိုမှာ စီးတီးပဲ ချန်ပီယံဖြစ်မယ် ရေပန်းစားနေတာပါ။

လက်ရှိ အနေအထားအရ မန်စီးတီးဟာ ပရီးမီးယားလိဂ်ကို အောင်မြင်ထားတဲ့ အသင်းဖြစ်ကာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ခေတ်မှာ အဆိုးဆုံး လိဂ်ရပ်တည်မှုဖြင့် ရာသီသိမ်းထားခဲ့ပါတယ်။
ဝင်ဘာလေမှာ ယူနိုက်တက်တို့ အနိုင်ရဖို့ဆိုရင် ကံ အတော်လေး ကောင်းဖို့ လိုအပ်တယ်လို့ သရဲနီဟောင်းကြီး ဖာဒီနန်က ခန့်မှန်းခဲ့တယ်။ နှစ်သင်းကြားက ကွာဟချက် ကြီးမားမှုကြောင့်လည်း ဖာဒီနန်မှာ ယုံကြည်မှု နည်းပါးနေပါတယ်။
ဖာဒီနန်က ‘ ကျနော်ရဲ့ နှလုံးသားကတော့ ယူနိုက်တက်က ပင်နယ်တီမှာ နိုင်သွားမယ် ပြောနေပါတယ်။ ဒါပေမယ့် ကျနော် ဦးနှောက်ကတော့ မန်စီးတီးက ယူနိုက်တက်ကို နိုင်သွားမယ် ပြောနေတယ်။
ဂိုးရလဒ်ကိုက ခန့်မှန်းပေးလို့ရပါတယ်။ ရိုးရိုးသားသား ပြောရရင် မန်စီးတီး နိုင်သွားမယ် ထင်ပါတယ်။ အခွင့်အရေး မှန်သမျှ မန်စီးတီးပဲ ရယူသွားမှာဖြစ်ပြီး ကျနော်တို့အသင်း ဘောလုံးတောင် ကောင်းကောင်းမြင်ရမယ် မထင်ပါဘူး ’ လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲအပြီးမှာ နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်မယ်လို့လည်း သတင်းကြီးနေတာဖြစ်ပါတယ်။