အလှပဆုံး သွင်းဂိုးတစ်ဂိုးနဲ့ တစ်ရာသီစာ ဆုကောင်းတွေ သိမ်းပိုက် ဆွတ်ခူးသွားတဲ့ ဂါနာချို

နာမည်ကြီး သတင်း မီဒီယာတစ်ခုဖြစ်တဲ့ BBC က ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၃-၂၄ ရာသီအတွက် အကောင်းဆုံးသွင်းဂိုးဆု(BBC’s Goal of the Season)ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုက ဆွတ်ခူးရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက ဂွတ်ဒ်ဆင်ပါ့ခ်မှာ အဲဗာတန်အသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂါနာချိုက အဖွင့်ဂိုးကို overhead kick နဲ့ လှလှပပ ကန်သွင်းခဲ့ပြီး အဲဒီဂိုးဟာ မက်အယ်လစ္စတာ၊ ကိုင်စီဒိုတို့ရဲ့ သွင်းဂိုးတွေကို ကျော်ဖြတ်ပြီးတော့ အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

BBC’s Goal of the Season ဆုကို ၁၉၇၀-၇၁ ရာသီကတည်းက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး အင်္ဂလန်ပြည်တွင်းလိဂ်ပြိုင်နဲ့ ဖလားပြိုင်ပွဲတွေ အားလုံးက တစ်ရာသီအတွင်း အကောင်းဆုံးဂိုးတွေကို ရွေးချယ်တာဖြစ်ပေမဲ့ နောက်ဆုံး ၁၈ ရာသီဆက်တိုက်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲက,ကစားသမားတွေသာ BBC’s Goal of the Season ဆုကို ရရှိခဲ့ကြပါတယ်။

အခုဆိုရင် ဂါနာချိုဟာ BBC’s Goal of the Season ဆု ဆွတ်ခူးနိုင်တဲ့ စတုတ္ထမြောက် ယူနိုက်တက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး ယူနိုက်တက်ကစားသမားက ရိုင်ယန်ဂစ်ဖြစ်ပြီး ၁၉၉၉ FA ဖလား၊ ဆီမီးဖိုင်နယ် Replay ပွဲမှာ အာဆင်နယ်ဘက်ကို တစ်ဦးချင်း အရည်အသွေးနဲ့ အံ့အားသင့်စရာကောင်းအောင် သွင်းယူခဲ့တဲ့ဂိုးနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

အကြိမ်အများဆုံး ဆွတ်ခူးနိုင်သူအဖြစ် စံချိန်တင်ထားတာက ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီဖြစ်ပြီး မစ်ဒယ်ဘရော့ (၂၀၀၄-၀၅၊ FA ဖလား)၊ ဘော်လ်တန် (၂၀၀၆-၀၇၊ ပရီးမီးယားလိဂ်)၊ မန်စီးတီး (၂၀၁၀-၁၁၊ ပရီးမီးယားလိဂ်)တို့နဲ့ပွဲတွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ ၃ ကြိမ်အထိ ဆုရရှိခဲ့ပါတယ်။

ဂါနာချိုမတိုင်ခင် BBC’s Goal of the Season ဆုကို ဆွတ်ခူးခဲ့တဲ့ နောက်ဆုံး ယူနိုက်တက်ကစားသမားက နာမည်ကျော်တိုက်စစ်မှူးဟောင်း ဗန်ပါစီဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက အက်စတွန်ဗီလာဘက်ကို Volley ကန်ချက်နဲ့သွင်းယူခဲ့တဲ့ဂိုးက ၂၀၁၂-၁၃ ရာသီရဲ့ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဂါနာချိုဟာ BBC’s Goal of the Season ဆုအပြင် ယူနိုက်တက်အသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးဆုအတွက် ဂါနာချို၊ ကိုဘီမင်နူး(လီဗာပူးလ်နဲ့ပရီးမီးယားလိဂ်ပွဲမှာ သွင်းခဲ့တဲ့ဂိုး)၊ ဒီယာလို(လီဗာပူးလ်နဲ့ FA ဖလားပွဲမှာ သွင်းယူခဲ့တဲ့ဂိုး)၊ ရပ်ရှ်ဖို့ဒ်(မန်စီးတီးနဲ့ပရီးမီးယားလိဂ်ပွဲမှာ သွင်းယူခဲ့တဲ့ဂိုး)တို့ အပြိုင်ဖြစ်ခဲ့ပြီး ဂါနာချိုက မဲအရေအတွက် ၇၄ % နဲ့ အသင်းဖော်တွေကို အပြတ်အသတ် အသာရပြီးတော့ အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့တာဖြစ်ပါတယ်။