မန်ယူအသင်း အက်ဖ်အေဖလား ရသွားပါပြီ၊ ဝင်ဘာလေမှာ မန်စီးတီးကို အနိုင်ယူပြီး မန်ယူ ချန်ပီယံ ဖြစ်ပြီ

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ ဝင်ဘာလေကွင်းမှာ ဒီစနေည ယှဉ်ပြိုင် ကစားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကတော့ ၂-၁ နဲ့ပြီးဆုံးကာ ယူနိုက်တက်တို့ ဖလားရ၊ ချန်ပီယံ ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ညမှာ ခံစစ်အားပြုကစားနေတယ်ဆိုပေမယ့် ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးပြုကာ ပထမပိုင်းပြီးတည်းက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

မန်စီးတီးရဲ့ခြေစွမ်းကတော့ အံ့အားသင့်စရာကောင်းလောက်အောင် ဆိုးရွားနေပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်နေကာ ပထမပိုင်းတည်းက ရှုံးနိမ့်နေခဲ့ပါတယ်။

ပထမပိုင်း ၃၀ မိနစ်မှာ အော်တေဂါနဲ့ ဂဗာဒီယောလ်တို့ကြား နားလည်မှုလွဲမှားခဲ့ရာကနေ ရရှိခဲ့တဲ့ အခွင့်အရေးကနေတဆင့် ဂါနာချိုက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။

နောက်ထပ် ၈ မိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေတဆင့် ညာတောင်ပံကနေ ဂါနာချို ချိုးပေးလိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ပိတ်သွင်းယူခဲ့ပေမယ့်လည်း လူကျွံဘောဖြစ်နေခဲ့တာကြောင့် ဂိုးခွင့်ပြုပေးခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၁ မိနစ်အကြာမှာပဲ ညာတောင်ပံကနေ ရက်ရှ်ဖို့ဒ် ပေးပို့လိုက်တဲ့ဘောလုံးကို ဂါနာချိုက ဘယ်တောင်ပံကနေ ရယူခဲ့ပြီး အလယ်က ဖာနန်ဒက်စ်ကို ပေးပို့ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းခေါင်းဆောင်က ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲ ပြေးဝင်လာတဲ့ မိန်းနူးဆီ ထိုးပေးလိုက်ရာမှာ မိန်းနူးက ညာခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အတွက် နှစ်သိမ့် ချေပဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှ ဒိုကူက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီ အက်ဖ်အေဖလားဗိုလ်လုပွဲပ ကတော့ အားလုံးထင်မှတ်မထားတဲ့ ရလဒ်ထွက်နေပါတယ်။ တန်ဟက် ရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၄နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီးကို ပထမပိုင်းတည်းက ဂိုးတွေသွင်းထားနိုင်ခဲ့တာပါ။ ဒီရလဒ်က တကယ်ပဲ အားလုံးကို မျက်လုံးပြူးစေခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်ဟာ နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိသွားပြီး ကွန်မြူနတီဒိုင်းကိုလည်း စီးတီးနဲ့ပဲ ထပ်မံ ဗိုလ်လုဦးမှာ ဖြစ်ပါတယ်။