ပက် ဂွါဒီယိုလာကို အင်္ဂလန် ပြည်တွင်း ဗိုလ်လုပွဲမှာ အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြ ဖြစ်လာသူ အဲရစ်တန်ဟက်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ အင်္ဂလန်ပြည်တွင်း ရှုံးထွက်ဖလားပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲတစ်ပွဲမှာ ဂွါဒီယိုလာကို အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။
FA ဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းဟာ မန်စီးတီးကို ၂-၁ ဂိုးနဲ့ ခြေစွမ်းပြအနိုင်ရခဲ့ပြီး ၁၃ ကြိမ်မြောက် FA ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို ဂါနာချို၊ ကိုဘီမင်နူးတို့က သွင်းယူခဲ့ကြပြီး FA ဖလားဗိုလ်လုပွဲသမိုင်းတစ်လျှောက် နော်မန်ဝှိုက်ဆိုက်ဒ်(၁၉၈၃)၊ စီရော်နယ်လ်ဒို(၂၀၀၄)တို့ပြီးရင် ယူနိုက်တက်အတွက် ဂိုးသွင်းနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားတွေအဖြစ် မှတ်တမ်းဝင်ခဲ့သလို FA ဖလားဗိုလ်လုပွဲတစ်ပွဲတည်းမှာ ဆယ်ကျော်သက်ကစားသမားနှစ်ဦး ဂိုးသွင်းနိုင်တာက ယူနိုက်တက်အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်ပါပဲ။
အခုနိုင်ပွဲကြောင့် အဲရစ်တန်ဟက်ဟာ ဂွါဒီယိုလာရဲ့မန်စီးတီးနည်းပြဘဝတစ်လျှောက် အင်္ဂလန်ပြည်တွင်းရှုံးထွက်ဖလားဗိုလ်လုပွဲတစ်ပွဲမှာ ဂွါဒီယိုလာကို အနိုင်ရခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။
မန်စီးတီးနည်းပြဘ၀ ၈ နှစ်တာကာလအတွင်း ဂွါဒီယိုလာဟာ အဓိကပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲအဆင့်မှာ ၂ ကြိမ်သာရှုံးနိမ့်ခဲ့ဖူးပြီး ၂၀၂၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တူချယ်လ်ရဲ့ ချယ်ဆီးနဲ့ အခု FA ဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
နည်းပြဘဝတစ်လျှောက်မှာတော့ ဂွါဒီယိုလာဟာ ဗိုလ်လုပွဲပေါင်း ၃၂ ပွဲအထိ ရင်ဆိုင်ခဲ့ပြီး ၆ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့ ရှုံးပွဲတွေက ၂၀၁၁ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရီးယဲလ်၊ ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီး၊ ၂၀၂၁၊ ၂၀၂၃၊ ၂၀၂၄ ကွန်မြူနတီဒိုင်းပွဲတွေမှာ လက်စတာ၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ပြီး အခုနှစ် FA ဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
FA ဖလားဗိုလ်လုပွဲမတိုင်ခင် မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၃၅ ပွဲဆက်ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ခေတ်မှာ ယူနိုက်တက်ကို ၁ ပွဲအသာနဲ့ ကျော်ဖြတ်ပြီးတော့ ပွဲဆက် အများဆုံး ရှုံးပွဲမရှိအသင်းအဖြစ် စံချိန်တင်ခဲ့ပေမဲ့ သူတို့စံချိန်ကို ယူနိုက်တက်အသင်းက ရပ်တန့်နိုင်ခဲ့ပါတယ်။