မိန်းနူးက သူ့ထက် ဆယ်ဆလောက် ပိုကောင်းတယ်လို့ အားပါးတရ ချီးကျူးလိုက်တဲ့ ပေါလ် စခိုးလ်
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ပေါလ် စခိုးက မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ကော်ဘီ မိန်းနူးကို ချီးမွမ်းခန်းဖွင့်ခဲ့ပြီး သူ အသက် ၁၉ အရွယ်တုန်းကထက် ၁၀ ဆ ပိုကောင်းတဲ့ကစားသမားလို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကွင်းလယ်ကစားသမားလေးဟာ ဒီရာသီမှာ ခြေစွမ်းတဟုန်ထိုး တိုးတက် လာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့နှစ်က နာကျင်စရာ ရှုံးနိမ့်မှုအတွက် လက်စားချေမှု ပြန်လည်ရယူနိုင်ပြီး ၁၃ ကြိမ်မြောက် အက်ဖ်အေဖလား ရရှိစေမယ့် အဆုံးအဖြတ်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်းအပြီးမှာပဲ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ၁၀ မိနစ် အတွင်း ဂါနာချိုနဲ့ ကော်ဘီ မိန်းနူးတို့က အသင်းအတွက် ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်ကစားသမား ဂျယ်ရမီး ဒိုကုက မန်ချက်စတာစီးတီးအတွက် ၈၇ မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန် သွင်းယူပေးခဲ့ပေမယ့်လည်း နောက်ထပ် ချေပဂိုး ထပ်မံသွင်းယူဖို့အတွက်တော့ အရမ်းနောက်ကျသွားခဲ့ပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်က စိတ်ပျက်စရာရာသီကို အမြင့်ပျံနေတဲ့ ဂွါဒီယိုလာရဲ့အသင်း သမိုင်းဝင် ဖလား ၂ လုံးရမယ့်အရေးကို တားဆီးပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး မိန်းနူးဟာ အကြီးမားဆုံးအဆင့်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်အတွက် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဆယ်ကျော်သက် ကွင်းလယ်ကစားသမားဟာ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီတို့လို မန်ချက်စတာစီးတီးရဲ့ ထိပ်တန်းကြယ်ပွင့်တွေထက်တောင် ပိုမိုတောက်ပပြနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့အတူ အက်ဖ်အေဖလား ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့တဲ့ ပေါလ် စခိုးက ဝင်ဘလေက ဗိုလ်လုပွဲမှာ သူနဲ့ ကော်ဘီ မိန်းနူးတို့ကို နှိုင်းယှဉ်ခဲ့ကြတဲ့ ပရိသတ်တွေကို တုံ့ပြန်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့အပတ်တုန်းက ဒီကလေးနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်မှုအချို့ ဖတ်ခဲ့ရတယ်။ ခင်ဗျားတို့ရဲ့ အချိန်တွေကို ဖြုန်းတီးမနေကြပါနဲ့။ သူက ကျွန်တော် အသက် ၁၉ နှစ်သားအရွယ်ကထက် ဆယ်ဆလောက် ပိုကောင်းတဲ့ကစားသမားပါ။ သူ ဘောလုံး လက်ခံတဲ့ပုံစံကို အရမ်းသဘောကျတယ်။
တည်ငြိမ်မှုရှိပြီး သူ့နားမှာ ဖြစ်နေတာတွေကို သတိထားပြီး အမြဲကြည့်နေတယ်။ ဟုတ်တာပေါ့။ ကြီးမားတဲ့ပွဲစဉ်တွေမှာလည်း ကြီးမားတဲ့သွင်းဂိုးတွေသွင်းယူနိုင်တယ်။ ဒီကောင်လေးက အရမ်းထူးခြားတယ်။ သူက သောက်ရဲရဲတောက် အနီပဲ။ နောက်မှ တွေ့ကြမယ်”လို့ ရေးသားခဲ့ပါတယ်။