မန်ယူ အက်ဖ်အေဖလား ရချိန်နဲ့ အချိန်ကိုက် ထ ဂုဏ်ဆာခဲ့တဲ့ အာဆင်နယ် အသင်းကတော့ ဘောလုံးပရိသတ်တွေ လှောင်တာ ခံနေရပါပြီ

ဘောလုံး ပရိသတ်တွေကတော့ မန်ချက်စတာယူနိုက်တက် အက်ဖ်အေဖလား ရရှိချိန်နဲ့ အချိန်ကိုက် ထ ဂုဏ်ဆာကာ မန်ယူရဲ့ အောင်ပွဲကို ခါးခါးသီးသီး လုပ်ပြခဲ့တဲ့ အာဆင်နယ်ရဲ့ လူမှုကွန်ရက်ပေါ်က တုံ့ပြန်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက် ဝင်ဘလေမှာ ၂ နှစ်ဆက်တိုက် အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖလားမရခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ မန်စီးတီးကို အနိုင်ယူကာ ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က အက်ဖ်အေဖလားကို ဒီရာသီမှာ ၁၃ ကြိမ်မြောက် ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလားသမိုင်းမှာ အာဆင်နယ်က ၁၄ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ပွဲအပြီးမှာ ဂန်းနားတွေက လူမှုကွန်ရက်ပေါ်ကနေ သူတို့တွေဟာ အက်ဖ်အေဖလားကို အများဆုံး ကိုင်မြှောက်ထားတဲ့အသင်းဖြစ်ကြောင်း အားလုံးကို လျင်လျင်မြန်မြန်ပဲ အသိပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အက်ဖ်အေဖလားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူတွေကို တွစ်တာ – X လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့မှုက ပရိသတ်တွေကို ဒေါသထွက်စရာဖြစ်စေခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက အာဆင်နယ်ကို အရှက်တရားနည်းနည်းရှိဖို့ ပြောဆိုခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကတော့ ဒီပို့စ်ဟာ အရှက်ရစရာပို့စ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဒီ ၂ သင်းစလုံးအတွက် ဆုဖလားတွေ ရရှိဖို့အတွက် ခက်ခဲခဲ့ကြပေမယ့်လည်း ဂန်းနားတွေရဲ့ နောက်ဆုံးဆုဖလားကတော့ လွန်ခဲ့တဲ့ ၄ နှစ်က အက်ဖ်အေဖလားရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဝင်ဘလေအောင်ပွဲကြောင့် အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ကို ၂ ရာသီ ကိုင်တွယ်ရသေးပေမယ့်လည်း အာတီတာထက် ဆုဖလား ပိုမို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေက အာဆင်နယ်အသင်းရဲ့ ပို့စ်မှာ ဂန်းနားတွေ ဘာဖလားမှ မရခဲ့တာကို ပြန်ပြီး သတိပေးတဲ့အနေနဲ့ “ငါတို့တွေ အက်ဖ်အေဖလားကို ၁၄ ကြိမ်ကိုင်မြှောက်ခဲ့တာကွဆိုတဲ့ ဖလားကို ဒီရာသီမှာ အနိုင်ရခဲ့တဲ့အတွက် အာဆင်နယ်ကို ဂုဏ်ပြုပါတယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။