အစ္စကို ကို ကြိုးစားနေခြင်း၊ အရှက်ကွဲနေတဲ့ တာဗာရက်စ်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အသက် ၁၉ နှစ် အရွယ် ဆဲလ်ဘတ် တိုက်စစ်မှုး အဒီရေမီ ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ အာဆင်နယ် အသင်းလည်း ပါလာကြောင်း Mirror သတင်းဌာနက ဆိုပါတယ်။ ကစားသမားကို လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ် တို့ကလည်း ချိတ်ဆက်နေတာပါ။

ဂိုးသမား ရမ်စ်ဒယ်က အာဆင်နယ်ဟာ နုနယ်သေးပြီး အမှားတွေကနေ အပြစ်ပေးခံလိုက်ရတယ်လို့ လီဗာပူးနဲ့ ပွဲ အပြီး စကိုင်းစပေါ့မှာ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးနဲ့ပွဲမှာ လီဗာပူးနည်းပြကလော့နဲ့အချင်းများခဲ့မှုနဲ့ ပတ်သက်ပြီး သူနဲ့ ကလော့တို့ အကြား ဘာပြဿနာမှ မရှိကြောင်း၊ ကလော့က သူ့အသင်းကိုသူ ကာကွယ်ခဲ့သလို မိမိကလည်း မိမိအသင်းကို ကာကွယ်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်ဟောင်း ဝီလ်ရှိုင်းယားက သူတို့အနေနဲ့ လီဗာပူးကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမဲ့ အဆင့်လေး အတွင်း ဝင်ရောက်နိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း၊ လီဗာပူးနဲ့ပွဲက ရလဒ်အတွက် ကစားသမားတွေအနေနဲ့ နာကျင်နေမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးက သူ ကိုင်တွယ်ခဲ့တဲ့ ကာလ တစ်လျှောက် ဘားကမ့်၊ တိုနီအဒမ်၊ အီယန်ရိုက်နဲ့ ဒေးဗစ်ဆီးမန်းတို့ဟာ အရည်အချင်းရှိသလောက် အထင်ကြီးမခံရတဲံကစားသမားတွေဖြစ်ကြကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ ရီးရဲကွင်းလယ်လူ အစ္စကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ် က ဇန်နဝါရီကျရင် ပါတေး၊ အယ်လ်နီနီတို့ကို အာဖရိကဖလားပွဲအတွက် လက်လွှတ်ရမှာဖြစ်တာကြောင့် ကွင်းလယ်လူ ရှာဖွေနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ် တစ်ဦးဖြစ်တဲ့ နာမည်ကျော် တီဗီအစီအစဉ်တင်ဆက်သူ မော်ဂန်က လီဗာပူးကို ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် နည်းပြအာတီတာကို ဝေဖန်ခဲ့ပြီး အာတီတာဟာ အာဆင်နယ်အတွက် လုံလောက်တဲ့ နည်းပြ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ တာဗာရက်စ်ကတော့ လီဗာပူးနဲ့ပွဲမတိုင်ခင်မှာ ဆာလတ်ကို စိန်ခေါ်ခဲ့မှုအတွက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။ ဆာလတ်အနေနဲ့ မိမိ ဘယ်သူလဲဆိုတာ သိပုံမရဘူးလို့ တာဗာရက်စ်က ဆိုခဲ့တာပါ။ လီဗာပူးနဲ့ပွဲမှာ တာဗာရက်စ်ရဲ့ အမှားကနေ အာဆင်နယ်အနေနဲ့ အရေးပါတဲ့ဂိုး ခွင့်ပြုခဲ့ရပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ တိုက်စစ်မူှးလာကာဇက်ကို ရာသီကုန်မှာ လက်လွှတ်ရနိုင်တဲ့အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ အာတီတာက သူတို့အနေနဲ့လာကာဇက်နဲ့ရာသီကုန်အထိ စာချုပ်သက်တမ်း ကိစ္စ ဆွေးနွေးသွားမှာ မဟုတ်ကြောင်း ဆိုခဲ့တာပါ။