အက်ဖ်အေဗိုလ်လုပွဲမှာ ဝင် ကစားဖို့ ငြင်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် စီနီယာ ကစားသမား

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ကက်စမီရိုက မန်ချက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို အသေးစား ဒဏ်ရာကြောင့် ပါဝင် ကစားပေးချင်စိတ် မရှိဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမားဟာ စနေနေ့ညက ဝင်ဘလေမှာ ကစားခဲ့တဲ့ပွဲစဉ်ကို ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်ဝဘဲ လိုက်ပါခဲ့ပေမယ့်လည်း အရန်လူစာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ကျ အပြောင်းအလဲတွေရှိခဲ့ပြီး ပွဲမကန်ခင်မှာပဲ ကန်ဘွာလာကို ကက်စမီရိုရဲ့ နေရာမှာ အစားထိုးပြီး ဘရာဇီးလ်ကွင်းလယ်လူကို လူစာရင်းထဲကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

BBC သတင်းဌာန ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက တန်ဟက်ကို တံကောက်ကြောက တင်းကြပ်နေသလို ခံစားရတယ်လို့ ပြောဆိုခဲ့ပြီး အရန်ကစားသမားအဖြစ်နဲ့တောင် ဝင်မကစားခိုင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ကက်စမီရိုဟာ မန်ချက်စတာယူနိုက်တက်မှာ ခက်ခဲတဲ့ ဒုတိယရာသီကို ရင်ဆိုင်နေခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ဗဟိုခံစစ်နေရာမှာ ဆင်းကစားပေးခဲ့ရတာဖြစ်ပါတယ်။

ကက်စမီရိုရဲ့ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ ဘန်လေတို့နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ တော်တော်လေး ဝေဖန်ခံခဲ့ရပြီး စနေနေ့ညမှာ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရွမ်းတို့ ပြန်လည်ပါဝင်လာမှုကြောင့် မန်ချက်စတာယူနိုက်တက်ခံစစ်က အရင်တုန်းကအတိုင်းပဲ ပြန်လည် တည်ငြိမ်ခဲ့တာဖြစ်ပါတယ်။