ပရီးမီးယားလိဂ် အသားကျပြီးသား ကြယ်ပွင့်နှစ်ဦးကို ပေါင် သန်း ၁ဝဝ သုံး ခေါ်ဖို့ စီစဉ်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်က ဒီ နွေဈေးကွက် အတွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အိုလစ်ဆီနဲ့ အဲဗာတန် လူငယ်ကြယ်ပွင့် ဘရန့်ဝိတ်ထ်တို့ နှစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင် အထိ သုံးကာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ အက်ဖ်အေဖလားကို သိမ်းပိုက် ရယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ရှိရင်းစွဲ ကစားသမားတွေက ကြံ့ခိုင်မှု မကောင်းကြပဲ မကြာခဏ ဒဏ်ရာရနေကြပြီး ဒဏ်ရာပြဿနာတွေကြောင့် ယူနိုက်တက်ဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၈)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ လူစာရင်းကို ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့ ဆုံးဖြတ်ထားတာပါ။

INEOSက သွေးသစ်လောင်းမှုရဲ့ ပထမဦးဆုံးခြေလှမ်း အဖြစ် လုပ်ခလစာ မြင့်သလို မကြာခဏ ဒဏ်ရာရတတ်တဲ့ မာရှယ်နဲ့ ဗာရန်းတို့ကို စာချုပ်သစ် ထပ်မချုပ်ပဲ အလွတ်နဲ့ အသင်းပြောင်းခွင့် ပေးခဲ့ပါတယ်။

ဒါ့အပြင် လုပ်ခလစာ မြင့်မားကာ ကြံ့ခိုင်မှု သိပ်မကောင်းတော့တဲ့ ကတ်စ်မဲရိုး ၊ အဲရစ်ဆင်တို့ကို ရောင်းထုတ်ဖို့ ကြိုးစားနေပြီး အန်တိုနီ ၊ တော်မီနေး ၊ လင်ဒီလော့ဖ် ၊ မာလာစီယာ ၊ ဆန်ချို စတဲ့ ခြေစွမ်းမတည်ငြိမ်တဲ့ ကစားသမားတွေကိုလည်း အရောင်းစာရင်း တင်ထားပါတယ်။

တဖက်မှာလည်း အသင်းအတွက် အားကိုးရမယ့် အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူဖို့ လှုပ်ရှားနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အိုလစ်ဆီနဲ့ အဲဗာတန် လူငယ်ကြယ်ပွင့် ဘရန့်ဝိတ်ထ်တို့က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

Talksportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အင်္ဂလန် လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အိုလစ်ဆီနဲ့ ဘရန့်ဝိတ်ထ်တို့ကို ခေါ်ယူဖို့ အတွက် တက်တက်ကြွကြွ လှုပ်ရှားနေပြီး ယူနိုက်တက်ဟာ အိုလစ်ဆီနဲ့ ဘရန့်ဝိတ်ထ် နှစ်ဦးပေါင်း အတွက် ပေါင် ၁၀၀သန်း ဝန်းကျင် သုံးစွဲရလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် သုံးစွဲရနိုင်ပြီး အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ခံစစ်မှူး ဘရန့်ဝိတ်ထ်အတွက်တော့ ပေါင် ၄၀သန်း ဝန်းကျင် သုံးစွဲဖို့ လျာထားပါတယ်။