ဆန်ချိုကြောင့် ဒေါ့မွန်ကို ဒီည ဥရောပ ချန်ပီယံ ဖြစ်သွားစေချင်နေတဲ့ သရဲနီဟောင်းကြီး ဖာဒီနန်

ဒီည ဝင်ဘာလကွင်းကြီးမှာယှဉ်ပြိုင်ကစားမယ့် ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အကြောင်းရင်း တစ်ခုကြောင့် ဒေါ့မွန်ကို အနိုင်ရစေချင်တယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ပြောဆိုလိုက်ပါတယ်။

အန်ဆယ်လော့တီတို့ရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ၁၅ ကြိမ်မြောက် ဥရောပချန်ပီယံ ဖြစ်လာရေး နီးစပ်နေပေမယ့် အောက် အသင်းဖြစ်တဲ့ ဒေါ့မွန်မှာ ဆန်ချိုလို မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ရှိနေတာကြောင့် ဖာဒီနန်က ဒေါ့မွန်ကို ဗိုလ်စွဲစေချင်နေပါတယ်။

ဖာဒီနန်ကတော့ ‘ ကျနော် ဂျော်ဒန် (ဆန်ချို) ကို နှစ်သက်တယ်။ သူ့ကြောင့်ပဲ ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ဖလားရမှာကို မြင်လိုပါတယ်။ ဒေါ့မွန်ကို ဂရုစိုက်လှတယ် မဟုတ်ပါဘူး။

ဘယ်အသင်း ဖလားရရ ကျနော် သိပ်စိတ်မဝင်စားပါဘူး။ အဲ့ဒါကတော့ တကယ်ပြောတာပါ။ ဒါပေမယ့် ဂျော်ဒန်အတွက် ဒေါ့မွန်အသင်းကို ချန်ပီယံဖြစ်စေချင်တယ်။

ဒါက လူငယ်ကစားသမားတွေအတွက် ယုံကြည်မှု ကျဆင်းခြင်းကနေ အလှည့်အပြောင်း ပြန်လုပ်နိုင်တယ်၊ ကျော်ဖြတ်နိုင်တယ် ဆိုတာကို သက်သေပြမှုဖြစ်လာမယ်။

ဝေဖန်မှုတွေရှိခဲ့ပေမယ့် ပတ်ဝန်းကျင် ပြောင်းလဲလိုက်တာနဲ့ ပြန်ပြီး အောင်မြင်နိုင်ပါတယ်။ မှန်ကန်တဲ့ အကျင့်စရိုက်နဲ့ အားပေးမှုရမယ်ဆိုရင် ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဂျော်ဒန်က ရီးရဲလ်နဲ့ပြိုင်ရမှာဆိုတော့ အောင်နိုင်ဖို့က ခက်ခဲပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ချင်တာကို ပြောခဲ့ပေမယ့် ဖာဒီနန်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်က ဒေါ့မွန်ကို ၂-၀ ဖြင့် အနိုင်ရသွားမယ်လို့ စပိန်ကလပ်ဘက်က ခန့်မှန်းခဲ့ပါတယ်။