နွေမှာ စာချုပ်သစ်နဲ့ အတူ လုပ်ခ လေးဆ တိုးပြီး ရလာတော့မယ့် မန်ယူ လူငယ် ကြယ်ပွင့်လေး

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့တဲ့ ကွင်းလယ် ကစားသမားလေး ကိုဘီမိုင်နူးကို လုပ်ခ ၄ ဆအထိ တိုးမြှင့်ပေးလာတော့မှာ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့မေလနှောင်းပိုင်းတုန်းက ဝင်ဘာလေကွင်းတွင် မန်စီးတီးကို ခြေစွမ်းအသာဖြင့် ကစားကာ ၂-၁ ဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။

ယင်းပွဲတွင် ယခုနှစ် အစောပိုင်းတုန်းက အသက် ၁၉ နှစ်ပြည့်ခဲ့တဲ့ ကိုဘီမိုင်နူးဟာ ပထမပိုင်းမှာ ယူနိုက်တက်အတွက် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟက် လက်အောက်တွင်ပင် နေရာရရှိလာတဲ့ ဂါနာချိုကလည်း ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ကိုဘီမိုင်နူးဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမလူစာရင်းမှာ ရွေးချယ်ခံထားရပြီး ဂျာမနီသို့ လိုက်ပါခွင့်ရမယ်လို့ ယုံကြည်ရပါတယ်။

Daily Star ရဲ့ ဖော်ပြလာမှုအရ မိုင်နူးဟာ စာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခပေါင် ၈၀၀၀၀ အထိ တိုးမြှင့်ရရှိလာဖို့ ရှိကြောင်း သိရပါတယ်။ မိုင်နူးဟာ လုပ်ခ ၄ ဆတိုးမြှင့် ရရှိလာမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် မိုင်နူးဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အာရုံစိုက်နေမှုနှင့်အတူ ယူနိုက်တက်နှင့် စာချုပ်သစ်ချုပ်ဆိုဦးမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ သူဟာ ယူရိုပြိုင်ပွဲအပြီးတွင် ယူနိုက်တက်နှင့် စာချုပ်သစ်ချုပ်ဆိုလာမှာ ဖြစ်ပါတယ်။