မှတ်တမ်းကောင်း ရသွားတဲ့ စတာလင်၊ အဒီရေမီ၊ ဗလာဟိုဗစ်နဲ့ ဥရောပ အပြောင်းအရွှေ့ သတင်းများ

ရိုးမားနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား လင်းဒရို ပါရီဒက်စ်ကို ခေါ်ယူဖို့ မျက်စိ ကျနေပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ပြင်သစ်ကလပ်မှာ နေရာ မရဘဲ လက်ရှိစာချုပ် နောက်ဆုံး ၁၈ လထဲ ဝင်လာနေပြီ ဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူး စတာလင်အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါကြောင့် စတာလင် (၂၆ နှစ်၊ ၃၄၈ ရက်)ဟာ ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်မြောက်တဲ့ စတုတ္ထမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ တော့တင်ဟမ်စပါး ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ကို ချိန်ရွယ်လာကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ အသက် ၂၅ နှစ် အရွယ် ဝင့်ကို နယူးကာဆယ်နည်းပြ ဟိုဝီက ဇန်နဝါရီမှာ ခေါ်ယူလိုနေတာပါ။

ချဲလ်ဆီးပရိသတ်တွေကတော့ လက်စတာနဲ့ပွဲက တိုက်စစ်ကစားသမား ဇီးယက်ချ်ရဲ့စွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်လျက်ရှိပြီး ချီးကျုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဇီးယက်ချ်ဟာ အသင်းရဲ့ဖန်တီးမှု အကောင်းဆုံး ကစားသမားဖြစ်ကြောင်း၊ ဇီးယက်ချ်ရဲ့ စွမ်းရည်ဟာ မယုံနိုင်စရာဖြစ်ကြောင်း ချဲလ်ဆီးဖန်တွေက ဆိုနေကြတာပါ ။

ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို ယူနိုက်တက် နည်းပြ အဖြစ် ခန့်အပ်စေလိုနေကြောင်း စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ဇီဒန်းနဲ့ အေဂျက်နည်းပြ တန်ဟက် ကိုလည်း ကြိုးစားနေဆဲပါ။

ဖီအိုရင်တီးနားအနေနဲ့ သူတို့ရဲ့တိုက်စစ်မူှး ဗလာဟိုဗစ်အတွက် ယူရိုသန်း ၇၀ အလိုရှိနေကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဗလာဟိုဗစ်အနေနဲ့ ဖိအိုရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး အသင်းပြောင်းဖို့ စီစဉ်လျက် ရှိနေတာပါ။

ဂျူဗင်တပ်ဒုဥက္ကဋ္ဌ နတ်ဗက်က နည်းပြအမ်လီဂရီအနေနဲ့ စီရော်နယ်ဒို ထွက်သွားပြီးနောက် အသင်းကို ဟန်ချက်ညီအောင် တည်ဆောက်ဖို့ အချိန်လိုအပ်မှာဖြစ်ကြောင်း၊ စီရော်နယ်ဒိုကို ထွက်သွားတာ အသင်းကိုဒီရာသီမှာ ရိုက်ခတ်မှု ကြီးမားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆဲလ်ဘတ် တိုက်စစ်မှုး အဒီရေမီ ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ အာဆင်နယ် အသင်းလည်း ပါလာကြောင်း Mirror သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။ အသက် ၁၉ နှစ် အရွယ် ကစားသမားကို လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ချိတ်ဆက်နေတာပါ။

အေဂျက်အသင်းမှ ဆယ်ကျော်သက် ဂိုးသမားလေး ချာလီ ဆက်ဖို့ဒ်ကို ပရီးမီးယားလိဂ် ကလပ်တချို့ ချိတ်ဆက်နေပြီး ဆောက်သမ်တန်အသင်းလည်း ပါဝင်လာကြောင်း သိရပါတယ်။