လာမယ့်ရာသီမှာ မန်ယူနဲ့ ချဲလ်ဆီး တို့ ပိုကောင်းလာမယ့် အကြောင်း ပေါမာဆန်ကြီးရဲ့ သုံးသပ်ချက်

ဝါရင့် သုံးသပ်ဆရာကြီး ဂန်းနားဟောင်း ပေါမာဆန်ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ဘယ်နေရာမှာ ရာသီပြီးဆုံးမလဲဆိုတာကို သုံးသပ် ဟောကိန်းထုတ် လာခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ကောင်းမွန်တဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ရပ်တည်မှု မကောင်းခဲ့တာကြောင့် စိတ်ပျက်ခဲ့ကြမှာဖြစ်ပြီး ချဲလ်ဆီးဟာ ရာသီအချိန်အများစုကို အမှတ်ပေးဇယား အလယ်နားလောက်မှာပဲ နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပြီး ရာသီကုန်မှာ နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ပြီး ဂွါဒီယိုလာရဲ့လက်ထောက်ဟောင်း အန်ဇို မာရက်စ်ကာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးကို ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ မာရက်စ်ကာက ချဲလ်ဆီးကို ထိပ်ဆုံး ၄ နေရာအတွင်း ပြန်ရောက်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ပေါမာဆန်က ယုံကြည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်ဟာ မန်ချက်စတာယူနိုက်တက်လည်း ပြီးခဲ့တဲ့ရာသီ အဆင့် ၈ နေရာမှာ အဆုံးသတ်ခဲ့ရပြီးနောက် လာမယ့် ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပေါမာဆန်က လာမယ့်ရာသီမှာ တော့တင်ဟမ်ဟော့စပါးအနေနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ထက် ဆုဖလားအနိုင်ရအောင်လုပ်ဖို့ အာရုံစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။

“လာမယ့်ရာသီအတွက် ကျွန်တော် ခံစားမိနေတာ ရှိပါတယ်။ စပါးက အရာတစ်ခုအပေါ်မှာပဲ အာရုံစိုက်ရမယ်ထင်တယ်။ ထိပ်ဆုံး ၄ နေရာလို့ ထင်တယ်။ ချဲလ်ဆီးလည်း အဲဒီထဲမှာ ရှိနေပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ပိုကောင်းလာဖို့ပဲရှိတယ်။ ထိပ်ဆုံး ၄ နေရာက အခုဆိုရင် ပိုပြီး ခက်ခဲလာတော့မှာပါ”လို့ သုံးသပ် ပြောဆိုခဲ့တာဖြစ်ပါတယ်။