မာရှယ်၊ ဗာရန်း အပါအဝင် အံ့ဖွယ် သရဲနီကြယ်ပွင့်တွေကို မန်ယူ ထွက်ခွာခွင့် ပြုလိုက်သလို သက်တမ်းတိုးမှုတွေ အတွက်လည်း ဆက်လက် လုပ်ဆောင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗာရန်း၊ မာရှယ် အပါအဝင် ကစားသမား ၈ ဦးနဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဗာရန်း၊ မာရှယ် တို့ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ယူနိုက်တက်ဘက်က သူတို့ကို စာချုပ်သစ် ချုပ်မှာ မဟုတ်တော့လို့ အသင်းကနေ အလွတ်နဲ့ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်တိုက်စစ်ကစားသမား မာရှယ် ဟာ ယူနိုက်တက်မှာ ၉ နှစ်ကြာကစားခဲ့ပြီး ၃၁၇ ပွဲကစား၊ ဂိုး ၉၀ သွင်းခဲ့သလို အသင်းနဲ့အတူ FA ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းတွေ ရယူနိုင်ခဲ့ပါတယ်။

အခုလောလောဆယ် မာရှယ် ကို ခေါ်ယူဖို့ တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းက စိတ်ဝင်စားနေပေမဲ့ မာရှယ် အနေနဲ့ လစာငွေလျှော့ယူမှသာ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းကလည်း ယူနိုက်တက်နဲ့လမ်းခွဲခဲ့ပြီး ဗာရန်းဟာ ယူနိုက်တက်ကစားသမားဘ၀ ၃ နှစ်တာကာလအတွင်း လိဂ်ဖလား၊ FA ဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရန်ဒန်ဝီလီယံစ်၊ ချာလီမက်နေးလ်၊ မားကပ်စ်လော်ရန့်စ်၊ ကီပလမ်လီစတဲ့ လူငယ်ကစားသမားတွေနဲ့လည်း လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်ဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက် ၂၀၁၉-၂၀ ရာသီမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ပုံမှန်ကစားခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နေရာမရတော့ဘဲ နောဝစ်ချ်၊ အစ်ဆွစ်ချ်အသင်းတို့မှာ အငှားနဲ့ကစားခဲ့ရသလို အခုအချိန်မှာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝက အဆုံးသတ်ခဲ့ရပါပြီ။

အံ့အားသင့်စရာကောင်းတာက ယူနိုက်တက်အသင်းဟာ လူငယ်ကြယ်ပွင့်နောက်ခံလူ အယ်လ်ဗာရို ဖာနန်ဒက်ဇ်ကို ဘင်ဖီကာအသင်းဆီ အပြီးသတ်ရောင်းချခဲ့တာပါပဲ။

အသက် ၂၁ နှစ်သာရှိသေးသူ အယ်လ်ဗာရိုဖာနန်ဒက်ဇ်ဟာ ၂၀၂၁-၂၂ ရာသီက ယူနိုက်တက်လူငယ်အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ပြီး စီနီယာအသင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် ဒီရာသီအစက ဘင်ဖီကာအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

အခု ဘင်ဖီကာအသင်းက အယ်လ်ဗာရိုဖာနန်ဒက်ဇ်ကို ယူရို ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်သလို အောင်မြင်မှုအပေါ် မူတည်ပြီးတော့ add-ons ကြေးအဖြစ် ယူရို ၃ သန်း ထပ်ပေးသွားမှာဖြစ်ပါတယ်။

ယူနိုက်တက် ယူ-၂၁ အသင်းရဲ့ ကစားသမား/နည်းပြအဖြစ် တာဝန်ယူခဲ့သူ ဝါရင့်ကွင်းလယ်ကစားသမား ဟတ်ဒယ်လ်စတုန်းဟာလည်း အသင်းနဲ့စာချုပ်ပြည့်သွားတာကြောင့် အလွတ်နဲ့ထွက်ခွာခဲ့ပါတယ်။

ယူနိုက်တက်ဝါရင့်နောက်ခံလူ အီဗန်စ်နဲ့ ဂိုးသမား တွမ်ဟီတန်တို့ဟာ စာချုပ်ပြည့်သွားပြီဖြစ်ပေမဲ့ ယူနိုက်တက်အသင်းက သူတို့နှစ်ယောက်ကို စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေပါတယ်။

ဒ့ါအပြင် ယူနိုက်တက်အသင်းဟာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဖော်ဆင်၊ ရှိုရီတီယာတို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။