အာဂျင် တိုက်စစ်မှုး အဲဗာရက်စ်ကို မန်ယူနဲ့ ချယ်ဆီး ချိန်ရွယ်လာပြီး မန်စီးတီး တောင်းဆိုမယ့် အနည်းဆုံး တန်ကြေး
မန်စီးတီး တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ် ကို ဥရောပကလပ် အများအပြား ခေါ်ယူချင်နေကြသလို မန်ယူ အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း ချိန်ရွယ်နေပြီ လို့ နာမည်ကြီး သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား အဲဗာရက်စ်ဟာ မန်စီးတီးအသင်း အတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀၃)ပွဲကစား (၃၆)ဂိုးသွင်းယူကာ (၁၈)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

အဲဗာရက်စ် ဟာ မန်စီးတီးမှာ ဟာလန်းနောက် အရန် တိုက်စစ်မှုး အဖြစ်သာ ရှိနေရတာကြောင့် ပုံမှန် ပွဲ ကစားခွင့် ရလိုကြောင်း သူနဲ့ နီးစပ်သူတွေကို ပြောဆိုထားပြီး စီးတီးကနေ ထွက်ခွာဖွယ်လည်း ရှိနိုင်ပါတယ်။ မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ နံပါတ် ၂ တိုက်စစ်မှုးကို ရောင်းချဖို့ တွေးထားခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းပြောင်းခွင့် တောင်းဆိုလာရင်တော့ ယူရို သန်း ၈ဝ လောက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားဖွယ် ရှိတယ် လို့သိရပါတယ်။
အဲဗာရက်စ်ကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်က စိတ်ဝင်စားရိပ် ပြသခဲ့သလို ပီအက်စ်ဂျီကလည်း ဝင်ရောက် ကမ်းလှမ်းမယ့် အနေအထားဖြစ်ပါတယ်။
အခု နောက်ဆုံး သတင်းတွေ အရတော့ အဲဗာရက်စ်ကို ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီးအသင်းတို့ကလည်း အဲဗာရက်စ်ကို ချိန်ရွယ် ပစ်မှတ်ထားလာတယ် လို့ သိရပါတယ်။
အဲဗာရက်စ် ဟာ ချယ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့လည်း စီးတီးမှာ အလုပ် အတူ လုပ်ဖူးတာကြောင့် နည်းပြသစ်ရဲ့ သဘောကျမှုလည်း ရရှိဖို့ ရှိနေပါတယ်။