ပရီးမီးယားလိဂ် ကို တရားစွဲတဲ့ မန်စီးတီး လုပ်ရပ်ကို မန်ယူအသင်း အပါအဝင် ကလပ် ၁ဝ သင်းကျော်က ဆန့်ကျင်
ဒီအပတ်ထဲမှာပဲ ပရီးမီးယားလိဂ် ကို တရားစွဲတဲ့ မန်စီးတီးအသင်းရဲ့ လုပ်ရပ်ကို ပြိုင်ဘက် အင်္ဂလန် ကလပ် ၃-၄ သင်းက ထောက်ခံနေသလို မန်ယူအသင်း အပါအဝင် ကလပ် ၁ဝ သင်းကျော်ကလည်း ဆန့်ကျင်တဲ့ သဘောထား ရှိတယိလု့ သိရပါတယ်။
ကလပ်အသင်း ပိုင်ရှင်တွေဟာ သူ့အသင်းနဲ့ သူပိုင် စီးပွားရေး လုပ်ငန်းတွေကြား တဖက်လှည့် ဝင်ငွေဖန်တီး၊ စပွန်ဆာပေးတဲ့ ကိစ္စတွေ မလုပ်နိုင်အောင် တင်းကြပ်ထားတဲ့ APT စည်းမျဉ်းကို ကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေကတော့ မလိုလားကြပါဘူး။

အင်္ဂလန် သတင်းတွေ အဆိုအရ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် အား တိုက်ရိုက် တရားစွဲလိုက်တဲ့ လုပ်ရပ် အပေါ် ချယ်ဆီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ် နဲ့ အဲဗာတန် အသင်းတို့က ထောက်ခံ အားပေးနေတယ် လို့ သိရပါတယ်။
ဒါပေမယ့် တဖက်မှာတော့ မန်စီးတီးနဲ့ ဆန့်ကျင်ဘက် အဖြစ် မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ ဝုဗ်၊ ဘရိုက်တန်၊ တော့တင်ဟမ်တို့ အပါအဝင် ကလပ်အသင်း ၁ဝ သင်းကနေ ၁၂ သင်းလောက်ကတော့ ပရီးမီးယားလိဂ်ရဲ့ APT စည်းမျဉ်းကို ထောက်ခံထားကြပါတယ်။
စီးတီးကို ထောက်ခံတဲ့ အသင်းတွေထဲမှာ ချယ်ဆီးအသင်းက APT စည်းမျဉ်းကို ဆန့်ကျင်ကြောင်း စာ ထုတ်ထားခဲ့ပါတယ်။ ဗီလာရဲ့ ပူးတွဲပိုင်ရှင် အီဂျစ် ဘီလျံနာ Nassef Sawiris ကလည်း မန်စီးတီး အသင်း ဥက္ကဌ မူဘာရက်နဲ့ သဘောထားချင်း တူကာ ပရီးမီးယားလိဂ် ကို အမျက်ထွက်နေတာ လို့ သိရပါတယ်။