ဒီ ၂၀၂၄ နှစ် အတွက် ကမ္ဘာ့ တန်ဖိုးအမြင့်ဆုံး ကလပ်အသင်း ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား ရပ်တည်မှုတွေ ကျဆင်းခဲ့ပေမယ့် ကျဆင်းနေပေမယ့် မန်ချက်စတာ ယူနိုက်တက်က ၂၀၂၄ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

မမကြာသေးမီကပဲ ယူရို ၁ဘီလီယံကျော် တန်ကြေးရှိတဲ့ ဘာနေဗျူးကွင်းသစ်ကြီးကို ဖွင့်လှစ်ထားသလို ဆုဖလား အောင်မြင်မှုတွေလည်း ဆက်တိုက် ရယူထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်ကိုတောင် မန်ချက်စတာ ယူနိုက်တက်က ကျော်ဖြတ်ကာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း ဖြစ်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ထပ်မဖြစ်တော့သလို ကွင်းတွင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် တာဝန်ရှိသူတွေရဲ့ စီးပွားရေးအကွက်မြင်မှုကြောင့် များပြားလှတဲ့ တန်ကြေးမြင့် စပွန်ဆာတွေကို ရရှိထားပါတယ်။

များပြားလှတဲ့ တန်ကြေးမြင့် စပွန်ဆာတွေ ရထားသလို မကြာသေးခင်ကပဲ ဗြိတိန်အခြေစိုက် နာမည်ကြီးကုမ္ပဏီ INEOS ကပါ ပူးတွဲပိုင်ရှင် ဖြစ်လာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာတန်ကြေးတွေက တဟုန်ထိုး တက်သွားခဲ့ပြီး မြင့်မားလာတဲ့ ရှယ်ယာတန်ကြေးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းတန်ဖိုးကလည်း တက်လာခဲ့ပါတယ်။

နာမည်ကြီးသတင်းဌာန တခု ဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ၂၀၂၄ခုနှစ်ရဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ဘောလုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ကြေးက ဒေါ်လာ ၆.၂ ဘီလီယံ အထိ ရှိနေကြောင်း သိရှိရပါတယ်။

၂၀၂၄ခုနှစ်ရဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် တန်ဖိုးအရှိဆုံးအသင်းတွေက လာလီဂါ ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဖြစ်ကြပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တန်ကြေးက ဒေါ်လာ ၆.၀၆ ဘီလီယံ ရှိပြီး ဘာစီလိုနာကတော့ ၅.၂၈ ဘီလီယံ တန်ကြေး ရှိပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထမြောက် တန်ဖိုးအရှိဆုံးအသင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူး ဖြစ်ပြီး လီဗာပူးရဲ့ တန်ကြေးက ဒေါ်လာ ၅.၁၁ ဘီလီယံ ရှိကာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကတော့ တန်ကြေး ဒေါ်လာ ၄.၈ ဘီလီယံနဲ့ ပဉ္စမမြောက်တန်ကြေးအမြင့်ဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။