မန်ချက်စတာ ယူနိုက်တက်မှာ မပျော်နိုင်တော့တဲ့အကြောင်း ထုတ်ဖော် ပြောလာတဲ့ သရဲနီ ကြယ်ပွင့်
မန်ချက်စတာ ယူနိုက်တက် ရဲ့ ကွင်းလယ်ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဒိန်းမတ် လက်ရွေးစင် ကစားသမား အဲရစ်ဆင်ကတော့ ကလပ်အသင်းမှာ မပျော်ရွှင်တော့တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုမှု ပြုလုပ်လာပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် ၁၂ ပွဲသာ ကစားခဲ့ရပြီး ဇန်နဝါရီအစကတည်းက ၁ ပွဲသာ ကစားထားရတာဖြစ်ပါတယ်။

အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဲရစ်ဆင်ဟာ အရန်ခုံမှာ ကျန်ခဲ့ပြီး လူစားလဲခံရတာကို ဘယ်တော့မှမပျော်ဘူးလို့ ကွင်းလယ်ကစားသမားက ဝန်ခံခဲ့ပါတယ်။
“ကျွန်တော့်အတွက်ကတော့ ဒီရာသီက တခြားရာသီတွေနဲ့ အနည်းငယ် ကွာခြားပါတယ်။ ဒါဟာ ကွဲပြားတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အသစ်ဖြစ်ပေမယ့် ပြင်ပကမ္ဘာမှာလည်း အသစ်ပါပဲ။ လူတွေ ဘယ်လိုပြောကြသလဲ ဆိုတာ ရှင်းပါတယ်” လို့ အဲရစ်ဆင်က TV2 သို့ ပြောကြားခဲ့ပါတယ်။
သူ့ကစားသမားဘဝကုန်ဆုံးဖို့ အရန်ခုံမှာထိုင်ရတာ ပိုလွယ်သလားလို့ မေးတော့ အဲရစ်ဆင်က “မဟုတ်ပါဘူး၊ ဒီလိုပါပဲ” “ငယ်ငယ်တုန်းက အရန်ခုံမှာ သိပ်မထိုင်ရတာ နည်းနည်းတော့ ကံကောင်းတယ်။ ဒါပေမယ့် ကျွန်တော် တစ်ကြိမ်တစ်ခါတော့ လုပ်ခဲ့ပါတယ်။ ဘယ်တော့မှ ပျော်စရာမကောင်းပါဘူး။ အဲဒါ သေချာပါတယ်”
“ကျွန်တော်ကတော့ အသင်းမှာ ပထမဆုံး ရွေးချယ်ခံရတဲ့သူ ဖြစ်ချင်ပါတယ်။ တခါတရံ နည်းပြက တခြားနည်းနဲ့ ကြည့်ကြပါတယ်”
“ဒါပေမယ့် ကျွန်တော် ယူနိုက်တက်အတွက် ကစားနေတာပါ၊ ကစားသမားကောင်းတွေ အများကြီးရှိတာကြောင့် နေရာတွေအတွက် တိုက်ပွဲတစ်ခုပဲ ရှိပါသေးတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ကွင်းလယ်ကစားသမားက “ကျွန်တော့်အတွက်ကတော့ လောလောဆယ် ယူရိုပြိုင်ပွဲ အတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပြီး ကျွန်တော်တို့ ဘယ်နေရာမှာ ရပ်တည်နေလဲဆိုတာ ကြည့်ရမှာပါ” လို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။