မန်ချက်စတာ ယူနိုက်တက် က အဲရစ်တန်ဟက် အနာဂတ်အား ဆုံးဖြတ် အသိပေးတော့မည်

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ အဲရစ်တန်ဟက်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ကြေညာရန် နီးစပ်လာပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ကလပ်ဟာ ၂၀၂၃-၂၄ ရာသီကုန်ဆုံးပြီးနောက် ရာသီအား ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်နေပြီး ၁ နှစ်စာချုပ် သက်တမ်းသာ ကျန်တော့တဲ့ နယ်သာလန်သား နည်းပြအား ဆက်ခန့်/မခန့် ဆုံးဖြတ်လာတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်လာပါက ခန့်အပ်ရန်အတွက် မူရီစီယိုပိုချက်တီနို၊ ဂရေဟမ်ပေါ်တာ၊ အင်္ဂလန် နည်းပြဆောက်ဂိတ်တို့အား လျာထားပါတယ်။ အဓိက ဦးစားပေးကတော့ ဆောက်ဂိတ် ဖြစ်ပါတယ်။

တဖက်တွင် အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို အက်ဖ်အေဖလား ဆွတ်ခူးပေးပြီးနောက် တစ်ရက်အကြာတွင် အားလပ်ရက်အပန်းဖြေလျက်ရှိနေပါတယ်။ သူဟာ အနာဂတ်နှင့်ပတ်သက်ပြီး ယူနိုက်တက်ဘက်က ဆုံးဖြတ်ချက်ချရေး အချိန်ကြန့်ကြာနေမှုအပေါ် စိတ်ပျက်နေပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို ကိုင်တွယ်တဲ့ ၂ ရာသီလုံး ဆုဖလား ၁ လုံးစီ ရယူပေးနိုင်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာပြဿနာများစွာ ကြုံရပြီးနောက် ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်ပြီးနောက် ဖိအားများအောက် ကျရောက်နေပါတယ်။

တန်ဟက် ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို ရှုံးနိမ့်ပါက ထုတ်ပယ်ခံရမယ်လို့ ယူဆခြင်းခံထားရသူပါ။

ဒါပေမဲ့ အံ့ဩသင့်စရာကောင်းအောင် မန်စီးတီးကို ခြေစွမ်းအသာဖြင့် ကစားပြီး ၂-၁ ဖြင့် အနိုင်ရရှိသွားပြီးနောက် အဲရစ်တန်ဟက်ကို ဆက်လက်ခန့်အပ်ရန် ယူနိုက်တက်ပရိသတ်များက တခဲနက်ထောက်ခံအားပေးလာကြပါတယ်။

ယခုအခါ ယူနိုက်တက်ဘုတ်အဖွဲ့ဝင်များဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအား ပြန်လည်သုံးသပ်မှု အပြီးသတ်လာနိုင်တော့မှာ ဖြစ်တာကြောင့် အဲရစ်တန်ဟက်ရဲ့ အနာဂတ်ကိုလည်း ဆုံးဖြတ်ရန် နီးစပ်လာပြီ ဖြစ်ပါတယ်။