မန်ယူ အပါအဝင် တိုက်စစ်မှုး ရှာပုံတော် ဖွင့်နေတဲ့ ကလပ်များ ဒီ နွေဈေးကွက်မှာ ခေါ်ယူနိုင်မယ့် တိုက်စစ်သမားများ
ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့နှစ် နွေတုန်း ခေါ်ယူခဲ့တဲ့ တိုက်စစ်မှုးသစ်တွေ မဟန်တာကြောင့် ဒီနွေ အပြောင်းအရွှေ့မှာ တိုက်စစ်မှုးသစ်တွေ ထပ်မံ ရှာဖွေနေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း ဟွိုင်လန်း ကို ခေါ်ယူခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ နော်ဝေသားက ရုန်းကန်နေခဲ့ရပြီး အသင်းဖော်တွေနဲ့ တွဲဖက် ကစားဖို့ အတွဲအဖက် မမိခဲ့ပြန်ပါဘူး။

လတ်တလော ဈေးကွက်ထဲမှာ မန်ယူ အပါအဝင် အသင်းကြီးတွေက ဘယ်လို တိုက်စစ်မှုးတွေ ခေါ်ယူနိုင်ဖွယ် ရှိမလဲ ဆိုတာ ဒေးလီးမေးလ်က အခုလို စုစည်းဖော်ထုတ်လာပါတယ်။
အလက်ဇန်းဒါး အိုင်ဆက်
ပြီးခဲ့တဲ ရာသီ ပြိုင်ပွဲစုံမှာ နယူးကာဆယ် အတွက် ဆွီဒင်သား တိုက်စစ်မှုးက ၂၅ ဂိုးထိ သွင်းထားခဲ့တာပါ။ ဒါပေမယ့် ကလပ်ရဲ့ ဘဏ္ဍာရေး ဟန်ချက် ထိန်းညှိဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁ဝဝ လောက် ပြန်ရနိုင်မယ့် အိုင်ဆက်ကို နွေမှာ ရောင်းရဖွယ် ရှိနေပါတယ်။
ဘန်ဂျမင် ဆက်စ်ကို
လိုက်ပ်ဇစ်မှာ ကစားနေတဲ့ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဆလိုဗေးနီးယားသား တိုက်စစ်မှုး ဆက်စ်ကို အား ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်းလုံး မျက်စိကျစရာ ဖြစ်နေပါတယ်။ အရပ် ၆ ပေ ၃ လက်မ ရှိတဲ့ တိုက်စစ်မှုး ဆက်စ်ကို ကို ယူနိုက်တက်နဲ့ ချယ်ဆီးကလည်း စိတ်ဝင်စားပေမယ့် အာဆင်နယ်က လက်ဦးမှုယူကာ ကစားသမားကို သဘောတူညီမှု ရထားပြီ လို့ သတင်းထွက်နေပါတယ်။
ဒိုမိနစ် ကဲလ်ဗတ် လီဝင်
အဲဗာတန်ကတော့ နောက်ခံလူ ဘရတ်သ်ဝိတ် ကို ထိန်းဖို့ ကြိုးစားနေသလို ကဲလ်ဗတ် လီဝင် ကိုလည်း အဲဗာတန်က လက်မလွှတ်လိုပါဘူး။ ဒါပေမယ့် ဘဏ္ဍာရေး ဟန်ချက် ထိန်းညှိရမှာ ဖြစ်လို့ ဈေးကောင်း ရရင် ရောင်းချဖွယ် ရှိပါတယ်။
အိုလီ ဝက်ကင်းစ်
အင်္ဂလန်စတား ဝက်ကင်းစ်ကတော့ ဗီလာနဲ့ အတူ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၂၇ ဂိုးထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၈ ဂိုး ရှိထားပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာကလည်း ဘဏ္ဍာရေး စည်းမျဉ်းကြောင့် သူတို့ ကစားသမားကို ရောင်းချရဖွယ် ရှိနေပါတယ်။