၇၅ သန်း တန် အင်္ဂလန်သား နောက်ခံလူကို ဒီလ မကုန်ခင် မန်ချက်စတာ ယူနိုက်တက် ခေါ်ယူနိုင်တော့မည်

အဲဗာတန်အသင်းဟာ အင်္ဂလန် ကြယ်ပွင့် နောက်ခံလူ ဘရန့်သ်ဝိတ်အတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက ဘရန့်သ်ဝိတ်ကို အခုဇွန်လမကုန်ခင် တရားဝင်စာချုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်း ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဘရန့်သ်ဝိတ်က အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး အဲဗာတန်အသင်းကတော့ ဘရန့်သ်ဝိတ်ကို အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ဘဲ ပေါင် ၇၅ သန်းအထိရမှ ရောင်းချသွားဖို့ရှိတယ်လို လီဗာပူးမြို့ အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးသူ အင်္ဂလန်လူငယ်နောက်ခံကစားသမား ဘရန့်သ်ဝိတ်ဟာ ၂၀၂၀ ခုနှစ်က ကာလီဆေးအသင်းကနေ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစား၊ ၃ ဂိုးသွင်းပြီးတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းကောင်းပြသနိုင်တာကြောင့် ဘရန့်သ်ဝိတ်ဟာ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်း ပဏာမလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ နည်းပြဆောက်ဂိတ်က အပြီးသတ်လူစာရင်းမှာ ဘရန့်သ်ဝိတ်ကို အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ဘရန့်သ်ဝိတ် အရွေးမခံရတာက ယူနိုက်တက်အတွက် အပြောင်းအရွှေ့ကိစ္စ အရှိန်မြှင့်ကြိုးပမ်းဖို့ အခွင့်ကောင်းဖြစ်စေပြီး ဇွန်လ ၃၀ ရက်မတိုင်ခင် ဘရန့်သ်ဝိတ်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် ကြိုးစားနေပါတယ်။

အဲဗာတန်အသင်းဟာ ဘရန့်သ်ဝိတ်ကို ဆက်ထိန်းထားချင်ပေမဲ့လည်း ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းနဲ့ကိုက်ညီအောင် နာမည်ကျော်ကစားသမားတချို့ကို မဖြစ်မနေ ရောင်းချရမှာဖြစ်သလို ဘရန့်သ်ဝိတ်အပြင် ကွင်းလယ်လူ အိုနာနာဟာလည်း အာဆင်နယ်ကို ရောက်ဖို နီးစပ်နေပါပြီ။

ဘယ်အသင်းကိုပဲ ဘရန့်သ်ဝိတ် ပြောင်းရွှေ့ဖြစ်ပါစေ အသင်းဟောင်း ကာလီဆေးအသင်းက ငွေကြေးအကျိုးအမြတ်ရမှာဖြစ်ပြီး အဲဗာတန်ကို ရောင်းခဲ့တုန်းက စာချုပ်ပါသဘောတူညီချက်အရ ဘရန့်သ်ဝိတ်ရဲ့ ပြောင်းရွှေ့ကြေးထဲက ၁၅ % ကို ရရှိမှာဖြစ်ပါတယ်။

အခု လောလောဆယ်မှာတော့ ဘရန့်သ်ဝိတ်ဟာ ယူရိုပြိုင်ပွဲဝင်မဲ့ အင်္ဂလန်အသင်းကို ပရိသတ်အနေနဲ့ အားပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲအပြီးမှာတော့ ဘရန့်သ်ဝိတ်ကို ကလပ်အသင်းသစ်မှာ မြင်တွေ့ရဖို့ရှိနေပြီ ဖြစ်ပါတယ်။