သူ့ ဒဏ်ရာ အတွက် နည်းပြ တန်ဟက်နဲ့ မန်ယူ ဆေးအဖွဲ့ကို မကျေလည် ဖြစ်နေတဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး ဒဏ်ရာနဲ့ရုန်းကန်ခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သာမက နည်းပြ အဲရစ်တန်ဟက်နဲ့ မန်ယူ အသင်း ဆေးအဖွဲ့ကိုပါ အပြစ်တင်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သူ လုခ်ရှောဟာ ဖေဖော်ဝါရီ ၁၈ ရက်တုန်းက လူတန်နဲ့ ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိပြီးကတည်းက အခုအချိန်အထိ ဘောလုံးပြန်မကစားနိုင်သေးပါဘူး။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရိုပြိုင်ပွဲဝင် အပြီးသတ်လူစာရင်းမှာ လုခ်ရှောကို ရွေးချယ်ခဲ့ပေမဲ့လည်း လုခ်ရှော ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်တဲ့အပြင် နောက်တစ်ပတ် တနင်္ဂနွေကျရင် ဆားဘီးယားနဲ့ကစားမဲ့ ယူရိုအုပ်စု အဖွင့်ပွဲကိုလည်း လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။

လုခ်ရှောဟာ လူတန်နဲ့ပွဲမတိုင်ခင် အက်စတွန်ဗီလာနဲ့ပွဲမှာကတည်းက ဒဏ်ရာရခဲ့တာဖြစ်ပေမဲ့ အဲရစ်တန်ဟက်ရဲ့ တောင်းဆိုမ ှုအရ လူတန်နဲ့ပွဲမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး လုခ်ရှောက “အက်စတွန်ဗီလာနဲ့ပွဲ (ဖေဖော်ဝါရီ ၁၁ ရက်တုန်းက) တည်းက ကျွန်တော် နာကျင်မှုခံစားခဲ့ရတာကြောင့် ဒုတိယပိုင်းမှာ ပွဲကို ဆက်မကစားနိုင်ခဲ့ပါဘူး . .”

“အဲဒီနောက် တစ်ပတ်လုံး လေ့ကျင့်ခန်း မဆင်းနိုင်ဘဲ ကျွန်တော့်ဒဏ်ရာကို Scan ရိုက်ထားတဲ့ စစ်ဆေးချက်ထွက်ပေါ်လာချိန်မှာ ဘာမှ သိပ်ပြီးမဆိုးရွားဘူးလို့ ဖော်ပြခဲ့ပါတယ်။ အဲဒါကြောင့် တစ်ပတ်လုံး လေ့ကျင့်ခန်း မလုပ်နိုင်ဘဲ ပွဲမကန်ခင် တစ်ရက်အလိုမှ ချက်ချင်း လေ့ကျင့်ခန်းပြန်ဆင်းခဲ့ရတာဖြစ်ပါတယ် . .”

“နည်းပြကိုယ်တိုင်က ပွဲကစားဖို့ တောင်းဆိုလာချိန်မှာ ကျွန်တော်ဟာ ဘယ်တုန်းကမှ ‘No’ လို့ မပြောပါဘူး။ ဒါပေမဲ့ လူတန်နဲ့ပွဲမှာ ကျွန်တော် မကစားခဲ့သင့်ပါဘူး။ ဒါက အားလုံးရဲ့အပြစ်ပါပဲ။

ကျွန်တော့် အမှားလည်းပါသလို ဆေးအဖွဲ့ဝင်တွေရဲ့ အပြစ်လည်းပါပြီး အဲဒီအတွက် အားလုံးကလည်း ကိုယ်မှားတယ်ဆိုတာကို ဝန်ခံကြမယ်လို့ ကျွန်တော် ယူဆမိပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။