မန်ယူ နည်းပြ ရာထူး အတွက် ရက်လစ်ဖ်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ တူချယ်၊ ဂျာမန်သားရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်
ဘိုင်ယန်မြူးနစ် အသင်းနဲ့ လမ်းခွဲထားတဲ့ နည်းပြ သောမတ်စ် တူချယ်ဟာ မန်ယူအသင်းပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်တို့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
မန်ယူအသင်းဟာ လက်ရှိ အချိန်အထိ နည်းပြ တန်ဟတ် ရဲ့ အနာဂတ်ကို အတည်မပြုရသေးချိန်မှာ တူချယ်နဲ့ တွေ့ဆုံခဲ့တာကြောင့် ပရိသတ်တွေကြား မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပြီး အိုးထရတ်ဖု့်ဒ်ကို တူချယ် ရောက်မလားဆိုတဲ့ စောင့်ကြည့်မှုတွေ ရှိလာခဲ့ကြပါပြီ။

နည်းပြ တန်ဟတ် ဟာ အက်ဖ်အေမှာ မန်စီးတီးကို အနိုင်ကစားပြီး ၂ ရာသီဆက် ဖလားတစ်လုံးစီ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲရဖို့ သတင်းထွက်ပေါ်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
နှစ်ပေါင်း ၃၄ နှစ်အတွင်း အဆိုးဝါးဆုံး ရာသီအဆင့် ပိတ်သိမ်းမှုနဲ့ ကြုံခဲ့ရတဲ့ မန်ယူအသင်းဟာ လာမယ့်ရာသီသစ်ကို အကောင်းဆုံးတွေနဲ့ စတင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေပြီး တူချယ်နဲ့သာ ဆွေးနွေးမှုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ထိုသို့ ဆွေးနွေးမှုတွေ အကြိမ်ရေ အချို့ ပြုလုပ်ပြီးနောက် တူချယ်က မန်ယူနည်းပြ ရာထူးကို လက်ခံဖို့ ထက် နည်းပြ အလုပ်ကနေ ခေတ္တ အနားယူထားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။
တူချယ်ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို လာရောက် ကိုင်တွယ်ခဲ့စဉ်တုန်းက ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက်လည်း ကောင်းစွာ လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ခံနေရသူပါ။