ဂါစီယာ ရွေးထုတ်တဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ အခက်ခဲဆုံး ပြိုင်ဘက်

ဘာစီလိုနာ နောက်ခံလူ အဲရစ်ဂါစီယာက လီဗာပူး စတား မိုဟာမက်ဆာလားဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့တုန်းက သူ့ကို ဒုက္ခအပေးနိုင်ဆုံး ကစားသမား ဖြစ်တယ်လို့ ထုတ်ဖော်သွားခဲ့ ပါတယ်။

အသက် ၂၀ အရွယ် စပိန် နောက်ခံလူဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးမှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက သူ့ရဲ့ ငယ်ဘ၀ ကလပ် ဘာစီလိုနာကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ပြန်လည် ပြောင်းရွေ့ခဲ့သူ ဖြစ်ပါတယ်။

ဂါစီယာဟာ လွန်ခဲ့တဲ့ ၂၀၂၀ ဇူလိုင်လက လီဗာပူး နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါဝင် ကစားသွားခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ မန်စီးတီးဟာ အမှတ်ပေးချန်ပီယံ ပူပူနွေးနွေး ဖြစ်ထားခဲ့တဲ့ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပွဲစဉ်က ဆာလားရဲ့ အရည်အသွေးဟာ ဂါစီယာကို သဘောကျစေခဲ့တာတော့ သေချာပါတယ်။

ဘယ်ကစားသမားဟာ သူ့ကို ဒုက္ခအပေးနိုင်ဆုံး ဖြစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ဂါစီယာက

“လီဗာပူးက မိုဟာမက်ဆာလာ ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်လောက် တုန်းက လီဗာပူးနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ကျွန်တော် မှတ်မိနေပါသေးတယ်။ အဲဒီပွဲမှာတုန်းက ဆာလားကို ရင်ဆိုင် ကစားရတာဟာ အရမ်းကို ခက်ခဲပါတယ်။” လို့ ဖွင့်ဟသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုးမား ကနေ လီဗာပူးကို ရောက်လာခဲ့သူ ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်နေပါတယ်။

ဆာလာဟာ လက်ရှိ ပရီးမီးယားလိဂ် သွင်းဂိုးဇယားမှာ ဦးဆောင်နေသူ ဖြစ်ပြီး ပွဲစဉ် ၁၂ အပြီးမှာ သွင်းဂိုး ၁၁ ဂိုးထိ သွင်းယူ ထားခဲ့ပါတယ်။