တန်ဟက်ကို မန်ယူ အချိန်ပေးသင့်ကြောင်း တနိုင်ငံတည်းသား တန်ဟက် ဘက်က ရှေ့နေလိုက်သွားတဲ့ ဗန်ဟားလ်

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းကြီး လူးဝစ် ဗန်ဟားလ်တော့ ယူနိုက်တက် အနေနဲ့ ဒီနွေမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ခြင်းထက် အသင်းရဲ့ လက်ရှိနည်းပြ အဲရစ် တန်ဟက် ကိုပဲ ပိုပြီး အချိန်ပေးသင့်တယ်လို့ ယူဆနေပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းကို (၂)နှစ်တာ ကိုင်တွယ်ထားတဲ့ နည်းပြ တန်ဟက် ကို လက်ရှိမှာတော့ နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ နီးစပ်နေပြီး ဂါရတ် ဆောက်ဂိတ်၊ ဒီဇာဘီနဲ့ ပိုချက်တီနိုတို့ကို ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက် ပရိသတ် အများစုကတော့ အသင်းဘက်က ချိန်ရွယ်နေတဲ့ နည်းပြတွေထက် လက်ရှိနည်းပြ တန်ဟက် ကိုသာ အသင်းမှာ ဆက်လက် ထားရှိစေချင်နေပေမယ့်လည်း အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်လစ်ဖ်တို့ကတော့ တန်ဟက် ကို ဆက်ထားဖို့ထက် အသင်းအနာဂတ်အတွက် သူတို့နဲ့ ရေရှည် လက်တွဲနိုင်မယ့် နည်းပြတစ်ဦးကိုသာ ပိုမို အလိုရှိနေပါတယ်။

ဒီလို အခြေအနေမျိုးမှာ မန်ယူ နည်းပြဟောင်းကြီး ဗန်ဟားလ်က အခုလို မှတ်ချက် ပေးလာခဲ့တာပါ။

“အဲရစ်ကို သေချာပေါက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော့်တုန်းကလည်း အချိန်ထပ်ပေးသင့်ခဲ့ပါသေးတယ်။ ကျွန်တော် လည်း အဲရစ်လိုပဲ အက်ဖ်အေဖလားကို ရယူပေးခဲ့တာပဲလေ။ ကျွန်တော် မတိုင်ခင်ကဆို ဒီအသင်းက အက်ဖ်အေဖလားကို မရခဲ့တာ အနှစ်(၂၀)လောက်တောင် ရှိနေပြီ။ အဲ့ဒီတော့ ကျွန်တော်လည်း အချိန် ပိုပြီး လိုအပ်ခဲ့တယ်။”

“အဲရစ်လည်း အက်ဖ်အေဖလား ရယူပေးခဲ့တယ်။ ပထမဆုံး သူ ကိုင်တွယ်တဲ့ နှစ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တယ်။ ဒါတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ မသင့်သေးဘူးလို့ ကျွန်တော် ထင်မိတယ်။

သူ့ကို အချိန် ဆက်ပေးရပါမယ်။ သူက ဒီအသင်းမှာ အရမ်းကြီး ကောင်းမွန်အောင် မလုပ်နိုင်သေးလို့ ဒီအတွက် ဝေဖန်ကြနိုင်ပေမယ့်လည်း သူက နည်းပြကောင်းတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်း ပြသထားနိုင်တာတွေ ရှိနေပါသေးတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။