တန်ဟက် အကြိုက် လူငယ်ကြယ်ပွင့်လေးကို လက်လွှတ်လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး အိုမာရီဖော်ဆင်ဟာ စီးရီးအေ တန်းတက်ကလပ် မွန်ဇာအသင်းကို အလွတ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ အင်္ဂလန် တောင်ပံတိုက်စစ်သမား ဖော်ဆင်ဟာ ၂၀၁၉ ဇန်နဝါရီလက စပါးအသင်းအကယ်ဒမီကနေ ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး ယူ-၂၁ အသင်းမှာ ခြေစွမ်းပြနိုင်တာကြောင့် အဲရစ်တန်ဟက်က ပြီးခဲ့တဲ့ရာသီမှာ ဖော်ဆင်ကို ယူနိုက်တက် စီနီယာအသင်းကြီးအတွက် ခေါ်ယူအသုံးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖော်ဆင်ဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားခဲ့ပြီး ဂိုးမသွင်းနိုင်ပေမဲ့ ဝုလ်ဗ်ကို ၄-၃ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ကိုဘီမင်နူး ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာတော့ ဖော်ဆင်က ၄ ပွဲကစား၊ အခွင့်အရေးဖန်တီးနိုင်မှု ၄ ကြိမ်၊ ဘောလုံးပေးပို့မှု ၃၃ ကြိမ်၊ ဂိုးဖန်တီးမှု ၁ ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု ၂ ကြိမ်၊ ပြစ်ဒဏ်ကျူးလွန်မှု ၁ ကြိမ်ရှိခဲ့ပါတယ်။
ဖော်ဆင်ရဲ့လက်ရှိစာချုပ်က အခုဇွန်လကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး သူက အဲရစ်တန်ဟက် အကြိုက် လူငယ်ကစားသမားတစ်ဦးဖြစ်သလို ယူနိုက်တက်အသင်းကလည်း နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမဲ့ ဖော်ဆင်က စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးတော့ အတွေ့အကြုံသစ်ရှာဖို့အတွက် စီးရီးအေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
မွန်ဇာအသင်းက ဖော်ဆင်နဲ့ ၂၀၂၈ ဇွန်လအထိ သက်တမ်းရှိတဲ့ ၄ နှစ်စာချုပ်,ချုပ်ဆိုခဲ့ပြီး မွန်ဇာအသင်းဟာ ဖော်ဆင်ကို အလွတ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ ဆယ်ကျော်သက် ကစားသမားတစ်ဦးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေအရ ယူနိုက်တက် အသင်းကို လျော်ကြေး ပေးချေရမှာပါ။
ဖော်ဆင်ဟာ မွန်ဇာအသင်းလေ့ကျင့်ရေးကွင်းမှာ အသင်းသစ် ဂျာစီ ဝတ်ဆင်ပြီး နာမည်ကျော် CEO ဖြစ်သူ ဂယ်လီယာနီနဲ့အတူ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။
ဖော်ဆင်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေက ‘အီတလီမှာ ဖော်ဆင်တစ်ယောက် တောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ် . .’၊ ‘ဝုလ်ဗ်နဲ့ပွဲတုန်းက ကိုဘီမင်နူး ဂိုးသွင်းနိုင်အောင် ဖော်ဆင် ဂိုးဖန်တီးပေးခဲ့တာကို ငါတို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး . .’လို့ အွန်လိုင်းမှာ ရေးသားခဲ့ကြပါတယ်။