အသုံးစရိတ် ဘတ်ဂျက် နည်းနေချိန် မန်ယူအသင်း အကြိုက်တွေ့သွားတဲ့ ပေါချောင်ကောင်း တိုက်စစ်မှုးလေး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး အန်တိုနီ မာရှယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာပြုထားရပြီ ဖြစ်သလို ဒေါ့မွန်နဲ့ ဂီတာဖေးအသင်းတွေဆီ အငှားချထားတဲ့ ဂျေဒန် ဆန်ချိုနဲ့ မေဆန် ဂရင်းဝုဒ်တို့ကိုလည်း လာမယ့်နွေမှာပဲ အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားပါတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ဘက်က တိုက်စစ်ကစားသမား တစ်ဦးခန့်လောက် ပြန်လည် ခေါ်ယူဖြည့်တင်းသွားဖို့ စီစဉ်နေပြီး တိုက်စစ်ကစားသမား အများအပြားကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ဒီရက်ပိုင်းမှာ ယူနိုက်တက်နဲ့ နောက်ဆုံး သတင်းထွက်လာတဲ့ တိုက်စစ်မှူးကတော့ ဟော်ဖန်ဟင်မ်က ဘိုင်ယာပဲ ဖြစ်ပါတယ်။

အရပ် (၆)ပေ (၁)လက်မထိ မြင့်မားတဲ့ အသက် (၂၁)နှစ်အရွယ် ဂျာမနီ တိုက်စစ်ကစားသမားလေး ဘိုင်ယာဟာ ဟော်ဖန်ဟင်မ် လူငယ်အသင်းဆီကို ၂၀၁၈ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး ဟန်နိုဗာအသင်းမှာလည်း အငှားကစားသမားအဖြစ် (၂)ရာသီအထိ သွားရောက် ကစားဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရာသီကမှ ဟန်နိုဗာနဲ့ အငှားစာချုပ် ပြည့်သွားလို့ ဟော်ဖန်ဟင်မ်အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ ဘိုင်ယာဟာ ဟော်ဖန်ဟင်မ်အတွက် ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါသွင်းဂိုး (၁၆)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့တဲ့အတွက် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေက စတင် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို တိုက်စစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘိုင်ယာကို တိုက်စစ်ကစားသမား အလိုရှိနေတဲ့ ယူနိုက်တက်အသင်းကပါ ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။

ဘိုင်ယာနဲ့ ဟော်ဖန်ဟင်မ်အသင်းတို့ကြားမှာ ရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ပေါင် (၂၇)သန်းတည်းသာ ဖြစ်တာကြောင့် အသုံးစရိတ် သိပ်မရထားတဲ့ ယူနိုက်တက်အတွက် ပေါချောင်ကောင်း ရနိုင်ပြီး အတော်လေး အဆင်ပြေနိုင်နေပါတယ်။