ရီးရဲလ်နဲ့ အပြိုင် ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ လှုပ်ရှားချိတ်ဆက်နေတဲ့ လိုင်လီ ကြယ်ပွင့်လေး
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးတို့ ဟာ လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင် အလားအလာကောင်းတွေ ရှိနေတဲ့ လူငယ် ကြယ်ပွင့်လေး တစ်ဦးကို အပြိုင် ချိန်ရွယ် ချိတ်ဆက်နေကြပါတယ်။
ဒီနွေမှာ မန်ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ ဟာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေး သတ်မှတ်ထားကြပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့မယ် ရေပန်းစားနေတဲ့ လိုင်လီခံစစ်မှူး ယိုရိုကို အပြိုင် ခေါ်ယူဖို့ ခြေလှမ်းပြင်လာခဲ့တာပါ။

ယခင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လီဂူးဝမ်းပွဲစဉ် ၁၃ ပွဲအတွက် ပွဲထွက်လူစာရင်းက ပါဝင်ပေးခဲ့တဲ့ ယိုရိုဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ အမှတ်ပေးပွဲ ၂ ပွဲကိုပဲ လွဲချော်တဲ့ထိ ပုံမှန်ကစားခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။
အသက် ၁၈ နှစ်ပဲ ရှိသေးကာ ကမ္ဘာအလားအလာ အကောင်းဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်လာနိုင်တဲ့ ပြင်သစ်သားကို ရီးရဲလ် မက်ဒရစ်အပြင် ပီအက်စ်ဂျီကလည်း စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
အခုချိန်ထိ ရီးရဲလ်မက်ဒရစ်က ယိုရိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်ပေမယ့် လီဗာပူးနဲ့ ယူနိုက်တက်တို့ကလည်း စပိန်ကလပ်ထံက အခွင့်အရေးကောင်းကို လွဲယူနိုင်ဖို့ အသင့် ပြင်လာခဲ့ကြောင်း နာမည်ကြီး သတင်းထောက် David Ornstein က ဖော်ပြလာခဲ့တယ်။
မန်ယူနဲ့ လီဗာပူးတို့ ကတော့ ယိုရိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ ဝန်းကျင်ထိ ရည်မှန်းထားကြတယ်လို့ သိရပါတယ်။