ယူနိုက်တက် တိုက်စစ်သမားကို ခေါ်ယူဖို့ ဗလင်စီယာ အသင်းက ကမ်းလှမ်းမှု စတင် ပြုလုပ်ထားပါပြီ
စပိန်လာလီဂါ ကလပ် ဗလင်စီယာက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ် ကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု လုပ်ခဲ့ကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာကြပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂရင်းဝုဒ် က လာလီဂါကလပ် ဂီတာဖေးဆီ အငှားနဲ့ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသခဲ့သူပါ။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ဂျမေကာ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်မျိုးစလုံးကို အသုံးပြုနိုင်သလို တိုက်စစ်ရဲ့ နေရာစုံမှာလည်း ဆော့ကစားနိုင်စွမ်း ရှိပါတယ်။
မေဆန် ဂရင်းဝုဒ်က ထိပ်တန်း ကစားသမား တဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် ကွင်းပြင်ပ လူနေမှုစရိုက်ကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်းထဲကနေ ၁ကြိမ် ထုတ်ပယ်ခံခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။
ဂရင်းဝုဒ်က ယူနိုက်တက်ရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် သူ့ရဲ့ အရည်အချင်းကြောင့် အချိန်တိုအတွင်းမှာ ဂီတာဖေးရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာခဲ့ပြီး သူက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ဂီတာဖေး အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိခဲ့ပါတယ်။
သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းရဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကို အကြိမ်ကြိမ် ရခဲ့သလို တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက် ရယူနိုင်ခဲ့ပြီး လက်ရှိမှာ လာလီဂါ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ အက်သလက်တီကို မက်ဒရစ် ၊ ဘာစီလိုနာနဲ့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်တို့က ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
လာလီဂါကလပ် ဗလင်စီယာက အသင်းကြီးတွေရဲ့ မျက်စိကျမှုကို ခံနေရတဲ့ ဂရင်းဝုဒ်အတွက် ပထမဦးဆုံး လှုပ်ရှားလာခဲ့ပြီး ဗလင်စီယာဟာ ဂရင်းဝုဒ်အတွက် ဗွေဆော်ဦး ကမ်းလှမ်းချက် အဖြစ် ပေါင် ၂၅သန်းနဲ့ စတင် ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။