ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ထွက်လာပြီးနောက် တန်ဟက် ဘယ်အချိန်လောက် ထုတ်ခံရမလဲ မန်ယူပရိသတ်တွေ ခန့်မှန်းနေကြပါပြီ
လာမယ့် ၂၀၂၄-၂၅ ရာသီသစ်အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားထွက်ပေါ်လာပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ ကတော့ နည်းပြ အဲရစ်တန်ဟက် ဘယ်အချိန် အထုတ်ခံရမလဲဆိုတာ ကြိုတင်ခန့်မှန်းနေကြပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် သြဂုတ် ၁၆ ရက်(သောကြာနေ့)မှာ ဖူလ်ဟမ်ကို အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ဘရိုက်တန်(အဝေး)၊ လီဗာပူးလ်(အိမ်)တို့နဲ့ ဆက်လက်ရင်ဆိုင်ရမှာပါ။

အဲရစ်တန်ဟက်အတွက် အဓိက စိန်ခေါ်မှုဖြစ်လာမှာက ဒီဇင်ဘာ ပွဲကြပ်ကာလဖြစ်ပြီး ယူနိုက်တက်ပရိသတ်အများစုကတော့ အဲရစ်တန်ဟက်ဟာ ဒီဇင်ဘာလကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြတာဖြစ်ပါတယ်။
ဒီဇင်ဘာလအဖွင့်မှာပဲ ယူနိုက်တက်အသင်းဟာ အီမရိတ်စ်မှာ အာဆင်နယ်နဲ့ပွဲကျပ် စတင် ကစားရမှာဖြစ်သလို အီမရိတ်စ်မှာ ယူနိုက်တက်တို့ နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်မရခဲ့ပါဘူး။
အာဆင်နယ်နဲ့ပွဲပြီးရင် ယူနိုက်တက်တို့ နော်တင်ဟမ်ဖော်ရက်စ်ကို အိမ်ကွင်းပွဲလက်ခံကစားရမှာဖြစ်ပြီး အဲဒါပြီးရင်တော့ ဒီဇင်ဘာ ၁၄ ရက်မှာ မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးနဲ့အစ်တီဟတ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။
အဲဒီနောက် ဘုန်းမောက်(အိမ်)၊ ဝုလ်ဗ်(အဝေး)၊ နယူးကာဆယ်(အိမ်)တို့နဲ့ ရက်ပိုင်းအတွင်း ဆက်တိုက်ကစားရမှာဖြစ်လို့ ယူနိုက်တက်ပရိသတ်တွေက အဲရစ်တန်ဟက်အနေနဲ့ တော်တော်လေး ကံကောင်းမှပဲ လာမဲ့နှစ်သစ်အထိ နည်းပြအဖြစ် ဆက်ရှိနိုင်မှာဖြစ်တယ်လို့ ယူဆနေပါတယ်။

အွန်လိုင်းမှာ ယူနိုက်တက်ပရိသတ်တွေက အခုလို သုံးသပ် မှတ်ချက်ပြုနေကြပါတယ်။
‘အဲရစ်တန်ဟက်တစ်ယောက် ဘယ်အချိန် အထုတ်ခံရမလဲဆိုတာ ကျွန်တော် ကြိုတင်ခန့်မှန်းလို့ရပါပြီ။ အာဆင်နယ်နဲ့မန်စီးတီးကို ဆက်တိုက်ရှုံး၊ လိဂ်ဖလားပြိုင်ပွဲကလည်း ထွက်ရပြီး နယူးကာဆယ်ကို ဆက်ရှုံးမယ်ဆိုရင် လီဗာပူးလ်နဲ့ပွဲက အဲရစ်တန်ဟက်အတွက် ယူနိုက်တက်နည်းပြဘ၀ နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်’
‘ဒီဇင်ဘာပွဲကျပ်ကာလက အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်နည်းပြဘဝကို အဆုံးသတ်ပေးသွားပါလိမ့်မယ်’
‘ဒီဇင်ဘာကာလကတော့ တကယ့်ကို စိုးရိမ်စရာဖြစ်နေပါပြီ’လို့ အသီးသီး ရေးသားခဲ့ကြပါတယ်။