ယူရို ပြိုင်ပွဲမှာ ပြောခံနေရတဲ့ ရော်နယ်လ်ဒို ဘက်က ကာကွယ်ပြောဆိုပေးခဲ့တဲ့ သရဲနီကြယ်ပွင့် ဒါလော့

မန်ချက်စတာ ယူနိုက်တက် အသင်းသား ဖြစ်သလို ပေါ်တူဂီ အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ ပါဝင် ကစားနေတဲ့ ဒီအိုဂို ဒါလော့က နိုင်ငံ အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒို ဘက်က ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

ပေါ်တူဂီရဲ့ အင်္ဂါနေ့က အဖွင့်ပွဲစဉ်မှာ ချက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်လ်ဒို အပေါ် ဝေဖန်မှုတွေ ရှိနေကြပေမယ့် ယူနိုက်တက် ကြယ်ပွင့်ဟောင်းရဲ့ အင်တိုက်အားတိုက် စွမ်းဆောင်ရည်က အရေးကြီးခဲ့တယ်လို့ ဒါလော့က ပြောကြားခဲ့တာပါး။

ဒါလော့ရဲ့ မှတ်ချက်ဟာ ဂန္တဝင်တိုက်စစ်မှူးက လက်ရွေးစင်အသင်းကို အကူအညီ ဖြစ်စေတာလား၊ အနှောင့်အယှက် ဖြစ်စေတာလားလို့ မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီက လိုက်ပ်ဇစ်မှာ ၂-၁ နဲ့ နောက်ကနေ အနိုင်လိုက်ကစားခဲ့တာဖြစ်ပြီး ဖရန်စစ္စကို ကွန်ဆေးဆာအိုက အရန်ခုံကနေ လူစားဝင်လာခဲ့ပြီးနောက် ၁၁၁ စက္ကန့်အကြာ ၉၂ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ပွဲစဉ်တလျှောက်လုံး ဂိုးသွင်းယူဖို့ အလွန် ကောင်းမွန်တဲ့ အခွင့်အရေးအများအပြား ရခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ဂျိုတာအတွက် နောက်ကျ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပေမယ့်လည်း လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ပေါ်တူဂီဂန္တဝင်ရဲ့ စွမ်းဆောင်ရည်က ပြီးပြည့်စုံခြင်းမရှိခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တော့ ဖြစ်ခဲ့သေးတာဖြစ်ပါတယ်။

စတူးဝပ် ပီးယာ့စ်က ပေါ်တူဂီရဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားတွေဟာ ပွဲက အရေးကြီးလာတဲ့အချိန်မှာ ရော်နယ်လ်ဒိုဆီ ဘောလုံးပေးဖို့ တွန့်ဆုတ်လာကြတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးနဲ့ မန်ချက်စတာယူနိုက်တက်မှာ ၁၈ လအထိ အတူတူ တွဲကစားခဲ့ဖူးတဲ့ ဒါလော့က ပေါ်တူဂီအသင်း ကစားပုံအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုက အရမ်း အာရုံစိုက်ခဲ့တယ်။ အရမ်းကို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တယ်။ အမြဲတမ်း ဂိုးတွေ သွင်းယူဖို့ အဆင်သင့်ဖြစ်နေတယ်။ အားလုံးက သူ့ကို အမြဲတမ်း ဂိုးတွေသွင်းယူလိမ့်မယ်လို့ မျှော်မှန်းထားကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။

တစ်ခါတလေ သူ ဂိုးသွင်းနိုင်တယ်။ သူ ဂိုးသွင်းခဲ့တဲ့အကြိမ်ပေါင်း အများကြီးပါပဲ။ ဒီနေ့လည်း သူ အရမ်း နီးစပ်ခဲ့တယ်။ သိသာပါတယ်။ ခင်ဗျား သူ ကစားခဲ့တဲ့ပွဲမှာ ဘယ်လောက်တောင် ပြေးလွှားခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။ သူက ကျွန်တော်တို့ကို ဘောလုံးနဲ့ရော ဘောလုံးမရှိဘဲနဲ့ပါ ကူညီပေးခဲ့တယ်။

သူက အမြဲတမ်း ရွေ့လျားနေတယ်။ အင်တိုက်အားတိုက်ရှိတယ်။ ဒါက ကျွန်တော်တို့ လိုချင်တဲ့ ခရစ္စတီယာနိုပဲ။” လို့ ဒါလော့က ပြောဆိုခဲ့တာဖြစ်ပါတယ်။