အသင်းပြောင်း လေသံ ပစ်ထားတဲ့ ဘရူနို ကို မန်ယူက အရင်လို သဘောမလွယ်တော့ဘဲ ဗျူဟာကျကျ ချဉ်းကပ်နေပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ အလောတကြီး ဦးစားပေးဦးမှာ မဟုတ်ဘူးလို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ထုတ် လာပါတယ်။
ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးမှာ ဖာနန်ဒက်စ်က အသင်းကသာ အလိုမရှိတော့ရင် ထွက်ခွာ၊ အသင်းပြောင်းမှာ ဖြစ်ကြောင်း အင်တာဗျူးမှာ ပြောဆိုကာ အသင်းပြောင်း လိုဟန် စကားဟခဲ့ပြီး အခြေအနေကို လှုပ်ခတ်စေခဲ့ပါတယ်။
ဖာနန်ဒက်စ်က အသင်းခေါင်းေ်ဆာက် လက်ပတ်ကို ဝတ်ဆင်ရသည့်တိုင် အသင်းရဲ့ လစာ အများဆုံး ကစားသမားတွေထဲ မပါဝင်သေးပါဘူး။
မန်ချက်စတာ ယူနိုက်တက် က ၂၀၂၂ မတ်လမှာ လစာ တိုးပေးပြီး ဖာနန်ဒက်စ်ကို စာချုပ်သစ် ချုပ်ဆိုထားခဲ့ပါတယ်။ လက်ရှိ စာချုပ်ကလည်း ၂၀၂၆ ထိ ရှိတဲ့ အပြင် တစ်နှစ် ထပ်တိုးခွင့် ပါရှိပါသေးတယ်။
ဒါကြောင့် ကစားသမားဘက်က ဘယ်လိုပဲ လေသံပစ်ပါစေ ယူနိုက်တက်ကတော့ လာမယ့် ရာသီစတင်ပြီး ဖာနန်ဒက်စ် အသင်း မပြောင်းမှသာ စာချုပ်သစ် သက်တမ်းတိုးဖို့ စဉ်းစားမယ် လို့ ဆုံးဖြတ်ထားပြီ လို့ သိရပါတယ်။
ဖာနန်ဒက်စ်ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်ဟာ စာချုပ်သစ်မှာလည်း လစာအမြင့် တိုးပေးဖွယ် ရှိပါတယ်။
ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ကစားသမားသာ အသင်း ပြောင်းဖို့ အစီအစဉ် မရှိရင် ဖာနန်ဒက်စ်ရဲ့ အေးဂျင့် ဖြစ်သူ Miguel Pinho က ဒီနှစ် နှောင်းပိုင်းလောက်မှာ စာချုပ်သစ် အတွက် အသင်းကို ဆက်သွယ် မေးမြန်းမယ်လို့ မျှော်လင့်ထားပါတယ်။