မန်ချက်စတာ ယူနိုက်တက်ကို နေ့ချင်းညချင်း ပြောင်းလဲနိုင်မလား ဆာဂျင်ရက်ကလစ်ဖ် အဖြေ ပေးလာပါတယ်

မန်ချက်စတာ ယူနိုက်တက် အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် ကတော့ ယူနိုက်တက် အခြေအနေ ပြန်ကောင်းလာဖို့ ဆိုတာ စူပါစတားတွေ ဝယ်ယူပြီး ချက်ချင်း ပြောင်းလဲနိုင်မှာ မဟုတ်ဘဲ အချိန် အနည်းငယ် ယူရမယ် လို့ လတ်တလော အင်တာဗျူးမှာ ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

” ယူနိုက်တက် အခြေအနေ ပြန်ကောင်းလာဖို့ ဆိုရင် နွေ အပြောင်းအရွှေ့ ဈေးကွက် နှစ်ကြိမ် သုံးကြိမ်လောက် အချိန် ယူရလိမ့်မယ်။ အခု ပထမဆုံး နွေ ဈေးကွက်မှာတင် ပြသနာတွေ အားလုံး ကျွန်တော်တို့ ဖြေရှင်းနိုင်မယ် လို့ ယုံကြည်ချက် မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်မှာ ပေါင် သန်း ၁ဝဝ အထက် တန်ကြေးရှိတဲ့ ကစားသမားတွေ မရှိပါဘူး။ စူပါစတား တစ်ယောက်ကို ဝယ်ယူလိုက်တာနဲ့လည်း အသင်းရဲ့ ပြသနာတွေကို မဖြေရှင်းနိုင်ဘူး။ ” လို့ ရက်ကလစ်ဖ်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နွေ ဈေးကွက် နှစ်ကြိမ် သုံးကြိမ် လို့ ရက်ကလစ်ဖ်က ဆိုခဲ့တာကြောင့် အချိန် ၂နှစ် ၃ နှစ်လောက် ယူဖို့ ဗြိတိန် သန်းကြွယ် သူဌေးကြီးက မျှော်မှန်းထားပုံပါ။

ယူနိုက်တက် အနေနဲ့ ကစားသမားတွေ အတွက် မထိုက်တန်ဘဲ ငွေ အမြောက်အများ သုံးစွဲနေခြင်းကို ရပ်တန့် ပြောင်းလဲ လိုက်တာက ပုံစံ အသစ် ဖြစ်ပါတယ်။ ဥပမာဆိုရင် အန်တိုနီ အတွက် ပြီးခဲ့တဲ့ နွေ တုန်းက ယူနိုက်တက် ပေါင် ၈၅ သန်းထိ သုံးခဲ့တာပါ။

ရက်ကလစ်ဖ်ကတော့ ယူနိုက်တက်ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ ရေရှည် ကြည့်ချင်ပြီး ပရိသတ်တွေဘက်ကလည်း စိတ်ရှည်ပေးစေလိုနေပါတယ်။