မန်ယူ၊ ချဲလ်ဆီးတို့နဲ့ သတင်းကြီးနေပေမယ့် တခြား ထိပ်သီးကလပ်ကို သွားဖို့ ရွေးလိုက်တဲ့ အိုလီစီ

ခရစ္စတယ်ပဲလေ့စ် တောင်ပံ တိုက်စစ် ကစားသမား မိုက်ကယ် အိုလီစီဟာ မန်ယူ အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးတွေ စိတ်ဝင်စားမှု ခံနေရပေမယ့် ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်သား တောင်ပံကစားသမားဟာ ချဲလ်ဆီးအသင်းရဲ့လူငယ်အသင်းမှာ ကစားခဲ့ဖူးသလို၊ မန်စီးတီးရဲ့အကယ်ဒမီမှာလည်း ကစားခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ ရီးဒင်းသို့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် David Ornsteinရဲ့ ဖော်ပြချက်အရ အိုလီစီကို မန်ချက်စတာ ယူူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီး၊ နယူးကာဆယ်တို့ကလည်း ပစ်မှတ်ထားခဲ့ပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ် ကို ရွေးချယ်လိုက်တာလို့ ဆိုပါတယ်။

ပဲလေ့စ်ဘက်ကတော့ သူတို့ ကစားသမားကို မရောင်းချင်ဘဲ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ပါ စည်းရုံးနေခဲ့ပေမယ့် အိုလီစီ ကိုယ်တိုင်က ဘိုင်ယန်ကို ပြောင်းရွှေ့ချင်တာကြောင့် လက်လျှော့ရဖွယ်ပါ။

အိုလီစီဟာ ၂၀၂၁ ခုနှစ်မှာ ရီးဒင်းမှ ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ပွဲ ၉၀ ကစားထားကာ ၁၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။

လက်ရှိမှာ ဘိုင်ယန်မြူးနစ်ကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေးကိစ္စညှိနှိုင်းနေပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း၆၀ နဲ့ ကမ်းလှမ်းနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

အိုလီစီဟာ ဘိုင်ယန်မြူးနစ်မှာ တစ်ပတ်လုပ်ခ ပေါင်၂၂၀၀၀၀ခန့် ရရှိသွားမယ်လို့လည်း သိရပါတယ်။