ချဲလ်ဆီးအသင်း နေရာစုံ စိုးမိုးထားတဲ့ ဖီဖာ ကမ္ဘာအကောင်းဆုံးဆု ရွေးချယ်မှု

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံးဆု ၆ဆု အတွက် ဆန်ခါတင် စာရင်းကို မနေ့က တရားဝင် ထုတ်ပြန် ကြေညာပြီဖြစ်ပါတယ်။

လက်ရှိ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ဖီဖာက ချီးမြှင့်မယ့် အကောင်းဆုံး ဆု ၆ဆုလုံးမှာ ဆန်ခါတင် ပါဝင်နိုင်ခဲ့တာတယ်။ ချဲလ်ဆီးဟာ ဖီဖာရဲ့ ဆန်ခါတင် စာရင်းမှာ အသင်းသား ပါဝင်မှု အများဆုံးအဖြစ် ၁၀ဦးထိ ရွေးချယ်ခံခဲ့ရပါတယ်။

ဖီဖာ အကောင်းဆုံး အမျိုးသား ကစားသမားဆုမှ ချဲလ်ဆီး ကွင်းလယ်လူ ကန်တေနဲ့ ဂျော်ဂျင်ဟို တို့ဟာ အခြား ထိပ်တန်း အကျော်အမော် ၉ ဦး ဖြစ်ကြတဲ့ ရော်နယ်ဒို၊ မက်ဆီ၊ ဆာလာ၊ အမ်ဘတ်ပေ၊ နေမာ၊ ဟာလန်း၊ ဘန်ဇီမာ၊ လီဝမ်ဒေါစကီး၊ ဒီဘရိုင်းတို့နဲ့ အတူ ပါဝင်ခဲ့ကြတယ်။

အကောင်းဆုံး အမျိုးသား ဂိုးသမားဆုအတွက် ရေပန်းစားနေတဲ့ ချဲလ်ဆီး ဂိုးသမား မန်ဒီဟာ လီဗာပူး ဂိုးသမား အလီဆင်၊ ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာ၊ လက်စတာနဲ့ ဒိန်းမတ် ဂိုးသမား ကတ်စ်ပါ ရှမိုက်ကယ်၊ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာတို့နဲ့ အတူ ဆန်ခါတင် ၅ ဦးစားရင်ထဲ ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသား နည်းပြဆုမှာ ချဲလ်ဆီး နည်းပြ တူချယ်က မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ၊ အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီ ၊ တော့တင်ဟမ် နည်းပြ အန်တိုနီယို ကွန်တီ၊ အီတလီ လက်ရွေးစင် နည်းပြ ရော်ဘတ်တို မန်ချီနီ၊ အာဂျင်တီးနား လက်ရွေးစင် နည်းပြ လီယွန်နယ် စကယ်လိုနီ၊ ဂျာမနီ လက်ရွေးစင် နည်းပြ ဟန်ဆီ ဖလစ်တို့နဲ့ အတူ ဆန်ခါတင် အရွေးခံခဲ့ရပါတယ်။

အမျိုးသမီး အကောင်းဆုံးဆုတွေမှာတော့ ချဲလ်ဆီး အမျိုးသမီးအသင်း နည်းပြ အမ်မာဟေးစ်၊ ဂိုးသမား အန်ကတ်တရင် ဘာဂါ၊ နောက်ခံလူ မဂ်ဒယ်လန်နာ အဲရစ်ဆင်၊ ကွင်းလယ်လူ ဂျီဆိုယွန်း၊ တိုက်စစ်မှူး ဆမ်ကား၊ ပင်နီလာ ဟာဒါတို့ ဆန်ခါတင် ရွေးချယ်ခံခဲ့ရပါတယ် ။

ဖီဖာဟာ ၂၀၂၁ ခုနှစ် အတွက် အကောင်းဆုံး ဆု၆ဆုလုံးကို လာမယ့် ဇန်နဝါရီ ၁၇ရက်နေ့မှာ အွန်လိုင်း ဆုပေးပွဲ ပုံစံမျိုး ကျင်းပကာ တရားဝင် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။