ယူနိုက်တက်နဲ့ သတင်းကြီးနေတဲ့ ဇာဗီ ဆိုင်မွန်က အသင်းပြောင်း ကိစ္စ အတွက် တုန့်ပြန် ဖြေကြား

ပီအက်စ်ဂျီ တောင်ပံ တိုက်စစ် ကစားသမား ဇာဗီဆိုင်မွန်ဟာ လက်ရှိ နွေ အပြောင်းအရွှေ့တွင် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့မယ်လို့ သတင်းများ ထွက်ပေါ်နေပေမယ့် ကစားသမားကတော့ သူ့ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး နှုတ်ဆိက်နေပါတယ်။

ဇာဗီဆိုင်မွန်က ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်မှာ အငှားသွားရောက်ကစားစဉ် အထင်ကြီးလောက်စရာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး အာဆင်နယ်နဲ့ လီဗာပူးအပါအဝင် ပရီးမီးယားလိဂ်ကလပ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ ၎င်းက လက်ရှိကလပ် ပီအက်စ်ဂျီ နဲ့ စာချုပ် ၃ နှစ်ကျန်သေးပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နယ်သာလန်ရဲ့ ပြင်သစ်နှင့် ဂိုးမရှိ သရေကျခဲ့တဲ့ပွဲတွင် ကစားခဲ့ပြီး အနာဂတ်နှင့်ပတ်သက်တဲ့ ကောလာဟလများ ပျံ့နှံ့နေတဲ့အတွက် ပွဲအပြီးတွင် သတင်းထောက်များရဲ့ မေးမြန်းခြင်းကို အသက် ၂၁ နှစ်အရွယ် ကစားသမားက ခံခဲ့ရပါတယ်။

အပြောင်းအရွှေ့ကိစ္စနှင့် အနာဂတ်နဲ့ ပတ်သက်ပြီး ဆိုင်မွန်က “ပဲရစ်မှာ ကျွန်တော် ပျော်ခဲ့ပါတယ်။ အဖြစ်အပျက်တွေအများကြီး ဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော် ဒီနှစ် လိုက်ပ်ဇစ်မှာ ရှိနေပါပြီ။ ” လို့သာ ရှောင်ရှား ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းများအတွင်း တင်းကျပ်သော ဘဏ္ဍာရေးကန့်သတ်ချက်များရှိနေတာကြောင့် ယခုနွေရာသီတွင် ဘတ်ဂျက်နည်းပါးစွာဖြင့် လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ်တွေအားလုံးကို ဝယ်ယူဖို့ဆိုရင် လက်ရှိကစားသမားတွေကို ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။

အဲရစ်တန်ဟက်က နောက်တန်း ကွင်းလယ်နဲ့ တိုက်စစ်နေရာအတွက် တစ်ဦးစီကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဗဟိုခံစစ်ကစားသမား ဗာရာနီတိုက်စစ်မှူး မာရှယ်တို့က ယခုလတွင် ထွက်ခွာမှာဖြစ်ပြီး ကက်စ်မဲရိုးကလည်း အသင်းကနေ ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။