ကမ်းလှမ်းမှု ပယ်ချခံထားရပေမယ့် ဇွဲမလျှော့ဘဲ မန်ယူနဲ့ ဆက်ဆွေးနွေးနေတဲ့ လာဇီယိုအသင်း
စီးရီးအေ ကလပ် လာဇီယို အသင်းဟာ ယူနိုက်တက် ကစားသမား မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပယ်ချခံထားရပေမယ့် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂရင်းဝုဒ်ကို ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ အိုးထရက်ဖို့ဒ်မှာ သူ့အတွက် ပြန်လမ်းမရှိတော့တာကြောင့် အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၃-၂၄ ရာသီကို ဂီတာဖေးမှာ အငှားနဲ့ ကုန်ဆုံးခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ စပိန်တွင် ၁၀ ဂိုးသွင်းယူကာ အားလုံးကိုအံ့အားသင့်စေခဲ့ပြီး အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား ကို ရရှိခဲ့ပါတယ်။
ဥရောပတစ်ဝှမ်းမှ ဂျူဗင်တပ်စ်၊ နာပိုလီ၊ ဒေါ့မွန်နှင့် ဗလင်စီယာတို့ကဲ့သို့အသင်းတွေက တောင်ပံကစားသမားကို စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်ကို ဂရင်းဝုဒ်အား ခေါ်ယူရေးပြိုင်ဆိုင်မှုတွင် ဦးဆောင်နေတဲ့အသင်း အဖြစ် ယူဆထားလို့ရသော်လည်း စီးရီးအေ ဘီလူးကြီးကတော့ ခြေတစ်လှမ်း ဆုတ်နေပြီဟု ထင်ရပါတယ်။
ဒါကြောင့် ပြည်တွင်းပြိုင်ဘက် လာဇီယိုအတွက် အခွင့်အရေးရှိနေပြီး သူတို့အသင်းဟာ ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း၊ ဒေါ်လာ ၂၁ သန်း) နှင့် အနာဂတ်ပြောင်းရွှေ့ကြေးရဲ့ ၅၀ % အပါအဝင် ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရတာဖြစ်တယ် လို့ ဒီမာဇီယိုက ပြောကြားထားပါတယ်
ယူနိုက်တက်ဟာ ယူရိုသန်း ၃၀ (ပေါင် ၂၅ သန်း၊ ဒေါ်လာ ၃၂ သန်း) ဖြင့် ဈေးကိုင်ထားပြီး ဂရင်းဝုဒ်ရဲ့ လက်ရှိ စာချုပ်သက်တမ်းကို နောက်ထပ် ၁၂ လ သက်တမ်းတိုးပြီး ၂၀၂၆ အထိ ထားရှိဖို့ ရွေးချယ်ခွင့်ရှိနေဆဲဖြစ်ပါတယ်။
လာဇီယိုကတော့ ဆွေးနွေးမှုများတွင် ဆက်လက်ရှိနေဦးမယ်လို့ ပြောကြားထားပြီး ရောမအခြေစိုက်အသင်းက သဘောတူညီမှု ရရှိရန် မျှော်လင့်ထားတာဖြစ်ပါတယ်။