Breaking News: ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတီ ကို ခေါ်ယူဖို့ မန်ယူအသင်း ကမ်းလှမ်းမှု ပေးပို့၊ တခါတည်း ပယ်ချခံရ
မန်ချက်စတာ ယူနိုက်တက်ဟာ ရုတ်တရက် ဒီနေ့မှာပဲ ပီအက်စ်ဂျီ အသင်း ကွင်းလယ်လူ အူဂါတီကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ ငြင်းဆန် ပယ်ချခံလိုက်ရပါတယ်။
၂၀၂၃ နွေ ရာသီကမှ ပေါ်တူဂီကလပ် စပို့တင်းကနေ ပီအက်စ်ဂျီအသင်းထံ ယူရို သန်း ၆၀ ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဥရုဂွေး ကွင်းလယ်လူ အူဂါတီကို ယူနိုက်တက်က စိတ်ဝင်စားနေကြောင်း သတင်းကို စကိုင်းစပေါ့က အရင် ဖော်ပြထားခဲ့ပါတယ်။

ဒီနေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်းမှု ပေးပို့လိုက်ပေမယ့် ပီအက်စ်ဂျီ ဘက်ကတော့ သူတို့ လိုချင်တဲ့ ပမာဏမျိုး မဟုတ်တာကြောင့် ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။
ယုံကြည်ရတဲ့ သတင်းထောက် တစ်ဦး ဖြစ်တဲ့ Ben Jacobs က ” ပီအက်စ်ဂျီအသင်းဟာ အူဂါတီအတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ပြင်သစ်ကလပ် သတ်မှတ် ပြောင်းရွှေ့ကြေးနဲ့ မနီးစပ်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းတာမို့ ခပ်မြန်မြန် ပယ်ချလိုက်တာပါ။
အူဂါတီကို ခေါ်ယူဖို့ ကလပ် အချို့က စိတ်ဝင်စားနေပြီး ယူနိုက်တက်က ခေါ်ယူလိုနေတာကိုတော့ စကိုင်းစပေါ့က စတင် ဖော်ပြခဲ့ပါတယ် ” လို့ ဖော်ပြသွားပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူအတွက် မန်ချက်စတာ ယူနိုက်တက် က ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ဖြစ်လာမလား စောင့်ကြည့်ရဦးမှာပါ။
ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ် ကိုလည်း ကမ်းလှမ်းမှု ပြုလုပ်ပြီး ပယ်ချခံထားရပါသေးတယ်။