မန်ယူအတွက် ပလန်ကြီး ဆွဲခဲ့ပေမယ့် ဖျက်ဆီးခံခဲ့ရပြီး အဝေးကို လွင့်စင်သွားရတဲ့ ဆိုးလ်ရှား
အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပေါလ် မာဆင် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာခြင်းက ဆိုးလ်ရှားရဲ့ စီမံကိန်းတွေကို ပျက်စီးစေခဲ့တယ်လို့ ထုတ်ဖော်သွားပါတယ်။
လက်ရှိအချိန်မှာတော့ ဆိုးလ်ရှား တယောက် မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထုတ်ပယ်ခံရတဲ့ အပေါ် သုံးသပ်မှုတွေ အများအပြား ထွက်ပေါ်နေပြီး မာဆင်ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ မထင်မှတ်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ရောက်ရှိလာတဲ့ ရိုနယ်ဒိုကြောင့်သာ ဆိုးလ်ရှား တယောက် ရာထူးကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။
ပေါလ်မာဆင်က “ ကျွန်တော်ကတော့ ဆိုးလ်ရှား အတွက် တကယ်ပဲ ဝမ်းနည်းမိပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်၂နဲ့ ရာသီသိမ်းနိုင်ပြီးနောက် သူ့ဆီမှာ ဒီရာသီနဲ့ ပတ်သတ်ပြီး အစီအစဉ်တွေ ရှိခဲ့ပါတယ်။

သူက ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အကြာကြီး ကြိုးစားခဲ့ပြီး ဒီနွေမှာတော့ သူ့ကို ရခဲ့ပါတယ်။ ပြီးတော့ သူက ကာဗာနီကို သက်တမ်း ၁နှစ် တိုးလိုက်တယ်။ ဒီအထိက သူ့ရဲ့ အစီအစဉ်တွေပါ။ ဒါပေမယ့် ရာသီအစပိုင်းမှာပဲ သူ့ဆီကို ရိုနယ်ဒို ရောက်လာတယ်။ ကျွန်တော်ကတော့ ရိုနယ်ဒို ရောက်လာတာက သူတို့အသင်းရဲ့ နွေရာသီ အစီအစဉ် တခုလုံးကို ဖျက်ဆီးခဲ့တယ်လို့ပဲ မြင်ပါတယ်။
ရိုနယ်ဒို ရောက်လာတဲ့နေ့ ကနေ စပြီး သူတို့အသင်းက အရင်ထက် ပိုကောင်းတဲ့ အသင်းတသင်း မဖြစ်လာပါဘူး။ ခင်ဗျားမှာ တိကျ သေသပ်တဲ့ ကစားကွက် မရှိပဲနဲ့ အဝေးကွင်းမှာ ၂၉ပွဲဆက်တိုက် ရှုံးပွဲမရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ပြီးတော့ ဆန်ချိုကို ခေါ်လိုက်တဲ့ အတွက် သူတို့ဆီမှာ နောက်ထပ် ကစားကွက် တခု ပုံဖော်နိုင်စွမ်း ရှိသွားပါတယ်။ ဒါပေမယ့် ရိုနယ်ဒို ရောက်လာပြီးနောက် သူတို့အသင်းက ကောင်တာ ကစားကွက်ကို ပုံဖော်နိုင်စွမ်း မရှိတော့ပါဘူး။ ဒီကိစ္စတွေကပဲ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခံရတဲ့ အထိ ဖြစ်စေခဲ့တာပါ” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပါ။