အင်္ဂလန် နည်းပြ ဆောက်ဂိတ် ရှောင်မရအောင် လူသိရှင်ကြား အသိပေး တောင်းဆိုစကား ပြောလိုက်တဲ့ မိုင်နူး
ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်း အတွက် ပါဝင် ကစားခွင့် ရခဲ့ပြီးနောက် သရဲနီ ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးက သူနဲ့ သူ့ရဲ့ အသင်းဖော် ကိုးလ်ပယ်လ်မာတို့ဟာ နိုင်ငံ အသင်းအတွက် ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေတာကြောင့် လာမယ့်ရှုံးထွက် အဆင့်တွေမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
မိုင်နူးနဲ့ ပယ်လ်မာတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာတော့ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ မနေ့ညက အင်္ဂလန်ရဲ့ ဆလိုဗေးနီးယားကို ဝ-၀ နဲ့သရေ ကျခဲ့တဲ့ပွဲစဉ်မှာတော့ ထို လူငယ် ၂ ဦးစလုံး ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မိုင်နူးက “ကျွန်တော်နဲ့ ပယ်လ်မာတို့ နှစ်ယောက်စလုံး အဆင်သင့်ဖြစ်နေကြပါပြီ။ ဘယ်ပွဲအတွက်မဆို အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ရှုံးထွက်အဆင့်တွေမှာဆိုလည်း အတူတူပါပဲ။
ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတာကြောင့် အသင်းအတွက် တတ်နိုင်သလောက်ပါဝင်ကစားပြီး ကူညီပေးဖို့ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အားလုံးက ဘောလုံးကစားရတာကို ချစ်မြတ်နိုးပါတယ်။ အရန်ခုံမှာရှိနေတဲ့ ကစားသမားတိုင်းက ကွင်းထဲကို ဝင်လာချင်ကြတာချည်းပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဆောက်ဂိတ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ပြီး ဝေဖန်ခံခဲ့ရတဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်ရဲ့နေရာမှာ ကော်နာဂယ်လာဟာကို အစားထိုးအသုံးပြုလာခဲ့တာဖြစ်ပါတယ်။
ထို့နောက် ဒုတိယပိုင်းအစမှာတော့ ဂယ်လာဟာကိုထုတ်ပယ်ပြီးကိုဘီမိုင်နူးကို အစားထိုးထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ဆောက်ဂိတ်ဟာ ဆာကာကို ထုတ်ပယ်ပြီး ပယ်လ်မာကို ပထမဆုံးအကြိမ်ထည့်သွင်းကာ ကစားသမားကို ယူရိုမှာ စတင်ကစားခွင့်ရစေခဲ့ပါတယ်။
ဒါကြောင့် ကြယ်ပွင့် ၂ ဦးအနေနဲ့ လာမယ့် ၁၆ သင်းအဆင့်ပွဲစဉ်တွေအပါအဝင် ရှုံးထွက်ပွဲစဉ်တွေမှာ ဆက်လက်ပါဝင်လာနိုင်မလား စောင့်ကြည့်သွားရပါမယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ယခုပွဲစဉ်မှာ သရေရလဒ်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း အုပ်စုအတွင်း အခြားပွဲစဉ်မှာ ဆားဘီးယားနဲ့ ဒိန်းမတ်တို့ကလည်း ဝ-၀ နဲ့သရေကျခဲ့တာကြောင့် အုပ်စုပထမနေရာနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။