ပြိုင်ဘက် ဆိုပေမယ့် လီဗာပူး နောက်ခံလူ ထရန့်ကို မန်ယူ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်တဲ့ သရဲနီဟောင်းကြီး
မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ဘက် ဆိုပေမယ့် လီဗာပူးအသင်းရဲ့ ငယ်မွေးခြံပေါက် အကယ်ဒမီ ကစားသမား ဖြစ်သလို လက်ရှိ လီဗာပူး အဓိက အသင်းသား ဖြစ်နေတဲ့ ထရန့် အလက်ဆန်းဒါး အာနိုး ကို ခေါ်ယူနိုင်မယ် ဆို ကြိုးစားသင့်ကြေင့် သရဲနီ ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အသက် (၂၅)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ လီဗာပူး အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦးဖြစ်ပြီး ကလော့ပ် လက်ထက်မှာပဲ အာနိုးရဲ့ ကစားသမားဘဝက တဖြည်းဖြည်းနဲ့ကို တောက်ပလာခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် အာနိုးက ကမ္ဘာပေါ်က ညာနောက်ခံကစားသမားတွေထဲ အကောင်းဆုံးတွေထဲမှာ တစ်ယောက် အဖြစ် သတ်မှတ် ခံထားရပေမယ့် လက်ရှိ အာနိုးနဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့ဖြစ်လို့ အာနိုးရဲ့ အနာဂတ် အခြေအနေတွေက အနည်းငယ် လှုပ်ခတ်လာခဲ့ရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အခွင့်ကောင်း ယူဖို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က အခုလို တိုက်ုတွန်းလာခဲ့ပါတယ်။
“ထရန့် အလက်ဆန်းဒါး အာနိုးက သူရဲ့ boyhood ကလပ်ဖြစ်တဲ့ လီဗာပူးအသင်းကနေ ထွက်ခွာသွားချင်ပါ့မလားဆိုတာ ကျွန်တော် သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် အခု လီဗာပူးမှာက နည်းပြအပြောင်းအလဲ ဖြစ်ထားတဲ့ အကူးအပြောင်း အချိန်ဖြစ်တော့ နည်းပြသစ် ဆလော့လက်အောက်မှာ အာနိုးက ကွင်းလယ်လူအဖြစ်နဲ့ပဲ ကစားသွားရနိုင်တယ်။”
“တကယ်လို့ ဆလော့လက်ထက်မှာ လီဗာပူးအသင်းက performance ကောင်းတွေ မပြသနိုင်ဘူးဆိုရင် ဒီအခြေအနေအပေါ်မှာ အာနိုးလည်း မပျော်မရွှင် ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့ မန်ယူနိုက်တက်အနေနဲ့က ဒီကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားသင့်ပါတယ်။”
“နောက်ပြီး လီရွိုင်း ဆာနေး မန်စီးတီးမှာ အရန်ခုံပဲ ထိုင်နေရပြီး အသင်းနဲ့ အဆင်မပြေ ဖြစ်နေတုန်းကလည်း ဒီကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်ကို ပထမဆုံး တိုက်တွန်းခဲ့တာကလည်း ကျွန်တော်ပါပဲ။ အခုတော့ ဒီကစားသမားက ဂျာမနီမှာ အကောင်းဆုံး ကစားသမားပါ ဖြစ်နေပါပြီ။
ဒါကြောင့် ဒီလို အလားတူမျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်က အာနိုးကို ရဖို့ လုံးဝ ကြိုးပမ်းရပါမယ်။ လီဗာပူးနဲ့ ယူနိုက်တက်တို့ကြားမှာ ခါးသီးတဲ့ သမိုင်းကြောင်းတွေ ရှိနေသည့်တိုင် အာနိုးကို ခေါ်ယူရမယ့် အခွင့်အရေးမျိုး ရှိလာရင်တော့ လက်လွတ်မခံသင့်ဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။