မန်ချက်စတာ ယူနိုက်တက်နဲ့ ရာသီသစ် မစခင် နည်းပြ အဖွဲ့ဝင် တစ်ဦးကို လက်လွှတ်လိုက်ရတဲ့ အဲရစ် တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်က စာချုပ်သစ် ချုပ်ဆိုပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့ပေမဲ့လည်း တန်ဟက်ရဲ့ နည်းပြ အဖွဲ့ဝင်တစ်ဦးကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှလည်း ထွက်ခဲ့ရတာပါ။ ဒါပေမယ့် လာမယ့် ရာသီ အဲရစ်တန်ဟက်နှင့် ဆက်လက် လက်တွဲရန် ယခုလအစောပိုင်းတုန်းက ဆုံးဖြတ်ခဲ့ပါတယ်။

ရာသီသိမ်းကာလမှာ ယူနိုက်တက်ဟာ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလားချန်ပီယံအဖြစ် ရာသီသိမ်းနိုင်ပြီးနောက် အဲရစ်တန်ဟက်နှင့် ဆက်လက် လက်တွဲရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီသစ် မစတင်မီမှာပင် ပထမအသင်း နည်းပြဘန်နီမက္ကာသီကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

ဘလက်ဘန်း၊ အေဂျက်စ်၊ ဆဲလ်တာဗီဂိုနှင့် ပေါ်တိုတိုက်စစ်မှူးဟောင်းဟာ ယခု ဇွန်လအကုန်တွင် ယူနိုက်တက်နှင့် ၂ နှစ်စာချုပ် သက်တမ်းကုန်ဆုံးပါက ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းက အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိနေရန် သေချာသွားပြီးနောက် ဘန်နီမက္ကာသီကို စာချုပ်သစ်ချုပ်ဆိုပေးရန် ယူနိုက်တက်ကို တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘန်နီမက္ကာသီကို လက်လွှတ်ရမှာ ဖြစ်လို့ အဲရစ်တန်ဟက်နည်းပြအဖွဲ့အတွက် နည်းပြတစ်ဦး ရှာဖွေနေပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဗွီ နည်းပြဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းအပြင် Go Ahead Eagles နည်းပြရီနီဟာကီတို့အား ချိတ်ဆက်မှု ပြုလုပ်နေပါတယ်။

ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်တွင် ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ ကစားခဲ့ဖူးသူဖြစ်ပြီး ဂိုး ၁၅၀ သွင်းပေးခဲ့ပါတယ်။