လျော်ကြေးတွေ တသီကြီး ပေးဖို့ ရှိခြင်း၊ ပိုချက်တီနိုနဲ့ ဆွေးနွေးမှုနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ကာရစ်၊ ဖီလန်း၊မက်ကင်နာ၊ ဟာတစ်တို့ကို လွန်ခဲ့တဲ့ ၃ ပတ် ခန့်ကမှ ၃ နှစ်စာချုပ်သစ်ကိုယ်စီ တိုးမြှင့်ချုပ်ခဲ့တာကြောင့် ၎င်းတို့ကိုလည်း လျော်ကြေး ပေးရဖို့ ရှိနေပါတယ်။ နည်းပြသစ်အပေါ် မူတည်ပြီး မန်ယူအနေနဲ့ သူတို့ကို လျော်ကြေးပေးပြီး ထုတ်ပယ်ရဖွယ် ရှိနေတာပါ။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က မန်ယူအနေနဲ့ ဆိုးလ်ရှားရဲ့ နေရာမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခန့်အပ်မယ် လို့ ယုံကြည်ကြောင်း၊ ပိုချက်တီနိုဟာ မန်ယူနည်းပြရာထူးအတွက် သင့်တော်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဗီလာရီးရဲနောက်ခံလူ ပါအူးလ် တာရက်စ်က မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ညပွဲ မတိုင်ခင် ချီးကျူးစကားတွေ ဆိုသွားခဲ့ပါတယ်။

“ရော်နယ်ဒို က အခွင့်အရေး တစ်ခါရရင် တစ်ခါ ဂိုးအဖြစ်ပြောင်းလဲနိုင်သူပါ။ ဒါပေမဲ့ လူတွေက သူ့ကို ဂိုးသွင်းတဲ့အခါမှပဲ သတိပြုမိကြပါတယ်။ တကယ်တော့ စီရော်နယ်ဒိုက မိနစ် ၉၀ ပြည့် ပွဲအတွင်း လှုပ်ရှားမှုတွေ ပြုလုပ်ပြီး နောက်ခံလူတွေကို အလုပ်ရှု ပ်စေသူပါ”လို့ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနည်းပြ ရာထူးအတွက် ပိုချက်တီနိုထက် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ကြောင်း လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီက ဆိုလိုက်ပြီး ရော်ဂျာဟာ လီဗာပူးမှာအတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူယာယီနည်းပြဖြစ်လာတဲ့ မိုက်ကယ်ကာရစ်က သူ့မှာလည်း သူ့အိုင်ဒီယာနဲ့သူရှိကြောင်း၊ သူ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဖွင့်ဟသွားမှာ မဟုတ်ကြောင်း၊ သူ့အနေနဲ့ ဆိုးလ်ရှားနဲ့ အနီးကပ်အတူလက်တွဲလုပ်ဆောင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုကို နည်းပြသစ် ခန့်ဖို့ မန်ယူ က စကားပြောနေပြီး ဒီကြားရက် စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲအတွက် မန်ချက်စတာမြို့ ရောက်လာရင်လည်း ပိုချက်တီနိုနဲ့ အသေးစိတ် ဆွေးနွေးဖို့ မန်ယူက စီစဉ်ထားပါတယ်။

ကွင်းလယ်လူ ဗန်ဒီဘိခ်အပေါ် နည်းပြဟောင်း ဆိုးလ်ရှားရဲ့ ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မန်ယူ အသင်းဖော်တွေက အံ့အားသင့်လျက် ရှိနေကြကြောင်း၊ The Times က ဖော်ပြထားပါတယ်။ ဗန်ဒီဘိခ် အနေနဲ့ အသင်းကြီးတစ်သင်းမှာ ကစားဖို့ လုံလောက်မှု မရှိကြောင်း ဆိုးလ်ရှားက တွေးထင်ခဲ့တာပါ။

မန်ယူကြယ်ပွင့် ဂရင်းဝုဒ်အနေနဲ့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့အတွက် စိတ်ရှည်ရမှာ ဖြစ်ကြောင်း မန်စီးတီး ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က ထောက်ပြလိုက်ပါတယ်။ လက်ရှိမှာ အင်္ဂလန်မှာ ဂရင်းဝုဒ်ရဲ့ နေရာမှာ ကစားသမား ၃၊ ၄ ယောက်လောက် ရှိနေကြောင်း ၎င်းက ဆိုပါတယ်။