ကနဦး အငြင်းခံထားရပေမယ့် အူဂါတီ ကိစ္စ ရှေ့ဆက်တိုးနေတဲ့ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတလောမှာ ဥရုဂွေးလက်ရွေးစင် ကစားသမား အူဂါတီ ကို စိတ်ဝင်စား ချိတ်ဆက်နေပါတယ်။

ဒီအတွက် လက်ရှိတန်ကြေးထက် သိသိသာသာနည်းနေတဲ့ ကနဦးကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ရာ ပြင်သစ်ချန်ပီယံတွေကတော့ တခါတည်း ပယ်ချခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

အူဂါတီဟာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် စပို့တင်းလစ္စဘွန်းမှ ပီအက်စ်ဂျီသို့ ပေါင် ၅၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။

နည်းပြ အင်းနရစ်ရဲ့လက်ထက် ပထမရာသီဝက်တွင် ပထမအသင်း ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း အူဂါတီဟာ ရာသီဒုတိယရာသီဝက်မှာတော့ နေရာမရရှိ ခဲ့ပါဘူး။

ပီအက်စ်ဂျီ ဘက်ကတော့ အသက် ၂၃ နှစ်အရွယ်ကစားသမားအတွက် သုံးစွဲခဲ့တဲ့ ပေါင် ၅၁ သန်းကို ပြန်လည်ရယူရန် စိတ်အားထက်သန်နေပါတယ်။

စာချုပ်အတွက်ဆွေးနွေးရန် သောကြာနေ့တွင် ယူနိုက်တက်က တာဝန်ရှိသူတွေလည်း ထပ်မံရောက်ရှိခဲ့ကြောင်း သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။

အရေးကြီးတာက အူဂါတီဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားတဲ့ မန်ချက်စတာ အခြေစိုက်အသင်းထံသို့ ပြောင်းရွှေ့ရန် လမ်းဖွင့်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ပြီးဆုံးခဲ့ပေမယ့် အက်ဖ်အေ ဖလားရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အလုပ်များနေတဲ့ နွေရာသီမှာ ယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ အနာဂတ် မသေချာမရေရာမှုတွေနဲ့အတူ ကွင်းလယ် ကစားသမားတစ်ဦးအပြင် ဗဟိုခံစစ်ကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။