ကွီတာကို တမင် လုပ်တာလို့ ဝန်ခံသူ၊ လူကာကူ၊ ရူဒီဂါ၊ မေဆန်မောင့်တို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ဂျွန်တယ်ရီက အသင်းဟောင်း ချဲလ်ဆီးအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ တယ်ရီက လက်ရှိ ချဲလ်ဆီးရဲ့ လူစာရင်းဟာ အလွန်တောင့်တင်းပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဖြစ်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ လူကာကူ မပါတဲ့အချိန်မှာတောင် ပုံစံကောင်း ပြနေကြောင်း သုံးသပ်ခဲ့ပါတယ်။
အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်နေတဲ့ နောက်ခံလူ ရူဒီဂါအနေနဲ့ လက်ရှိမှာ အသင်း အတွက်သာ အပြည့်အ၀ အာရုံစိုက်ထားကြောင်း ချဲလ်ဆီးနည်းပြတူချယ်က ဆိုလိုက်ပြီး ရူဒီဂါနဲ့ ပတ်သက်ပြီး စိတ်ရှည်ဖို့လိုအပ်ကာ အဆုံးသတ် လှဖို့ မျှော်လင့်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူးလူကာကူဟာ ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပြန် ပါလာနိုင်ကြောင်း၊ လေ့ကျင့်ခန်း အစီအစဉ်မှာလူကာကူရဲ့ အခြေအနေဟာ ကောင်းမွန်မှု ရှိကြောင်း နည်းပြတူချယ်က ဖွင့်ဟခဲ့ပါတယ်။

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာ စပိန်နောက်ခံလူ အက်ပီကွီတာကို ပုခုံးနဲ့ တိုက်ခဲ့တာ သူ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ ဒါကို ထုတ်ပြောဖို့ ၀န်လေးနေမှာ မဟုတ်ကြောင်း၊ ကွီတာက သူ့အသင်းရဲ့ ကစားသမားတွေကို ရူးနှမ်းစွာ ပြုမူနေကြောင်း ထုတ်ဖော် ပြောလိုက်ပါတယ်။
ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ဥရောပထိပ်သီးကလပ်တွေက အပြိုင်ကြိုးပမ်းနေကြပါတယ်။ လက်ရှိမှာ မောင့်ကို မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲမက်ဒရစ်တို့က စိတ်ဝင်စားလျက် ရှိနေကြောင်း သိရပါတယ်။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ရိုက်ဖီးလစ်ကတော့ ချဲလ်ဆီး လူငယ်တွေဖြစ်တဲ့ ဂယ်လင်ဟာနဲ့ ဂယ်လ်မော တို့ကို အငှားကနေ ပြန်မလာသင့်သေးကြောင်း အကြံ ပေးခဲ့ပါတယ်။

“သူတို့အနေနဲ့ လက်ရှိ အငှားကစားနေတဲ့အသင်းတွေမှာသာ ဆက်နေသင့်ပြီး ဇန်န၀ါရီမှာ ချဲလ်ဆီးကို ပြန် မလာသင့်ပါဘူး။ အထူးသဖြင့် ဂယ်လင်ဟာက ပဲလေ့စ်မှာ လုံးဝတောက်ပနေတာပါ။ ဂယ်လ်မောကလည်း ဒန်းစမစ်ရဲ့လက်အောက်မှာ ပုံစံကောင်း ရလာမှာပါ”လို့ ရိုက်ဖီးလစ်က ဆိုခဲ့ပါတယ်။